22 November 2021

မြင်နိုင်ခဲလှသော သံသရာ့အဆန်တရား


* မြင်နိုင်ခဲလှသော သံသရာ့အဆန်တရား

ဘဝင်အကြည်တည်းဟူသော ပိတ်ဖြူကားချပ်ပေါ်တွင် နှလုံးသွင်းမှုမနသိကာရတည်းဟူသော စုတ်တံကို ဥပါဒါန်တည်းဟူသောဆေးရည်၌တို့ပြီး ဝိတက်ဖြင့်လိုရာအာရုံကိုယူကာပုံဖော်၍ စေတနာတည်းဟူသောလက်ဖြင့် ရေးဆွဲလိုက်သောအခါ ခန္ဓာငါးပါးတည်းဟူသော ဓမ္မာရုံပုံရိပ် (သို့) လောက ပေါ်လာသည်။

ဆိုလိုသည်မှာ အတိတ်ကမြင်ဖူးခဲ့သော ရူပါရုံကိုယူ၍ နှလုံးသွင်းလျှင် ဘဝင်အကြည်၌ အဆင်းဓမ္မာရုံလောက ပေါ်လာသည်၊ (အသံ အနံ့ အရသာ အတွေ့ နည်းတူမှတ်ပါလေ။)

ပစ္စုပ္ပန်ဒွါရငါးပေါက်၌ ကျရောက်ဆဲအာရုံငါးပါသည် ဘဝင်သို့ကျရောက်သည်ရှိသော် ထိုအာရုံကို နှလုံးသွင်းလက်ခံခဲ့လျှင် ထိုအာရုံငါးပါးသည် ဘဝင်၌ လောကတည်ပြန်သည်။

ဘုရားအဆူဆူနှင့်တကွ ရဟန္တာပုဂ္ဂိုလ်အပေါင်းတို့ မရေအတွက်နိုင်အောင် လောကသုံးပါးမှ ထွက်မြောက်သွားကြသည်ဆိုသည်မှာ စိတ်ဖြင့်စွဲယူထားသော အကြောင်းတရား အတွင်းလောကသုံးပါးမှ ထွက်သွားခြင်းဖြစ်သည်။ ဗဟိဒ္ဓလောကသုံးပါးသည် ပြောင်းလဲခြင်းအစဉ်ဖြင့် အမြဲတမ်းရှိနေမည်ဟု လောကသုံးပါမှ ထွက်မြောက်ပုံကို ဦးသူတော် သဘောပေါက်နားလည်ခဲ့လေပြီ။

အထက်ပါ သိရန် သိမ်မွေ့နက်နဲ မြင်နိုင်ခဲလှသည့် ပရမတ်အစစ် ဓာတ်အနှစ်တရားများဖြစ်သည့် အတွင်းအာယတနတရားများကို မှန်းဆသိ၊ နာကြားသိ၊ ဖတ်သိတို့နှင့် အာရုံမပြုနိုင်ပါ။

အလွန်မှ သိနိုင်ခဲမြင်နိုင်ခဲသည်၊ အသက်နှင့်ခန္ဓာ မငဲ့ကွက်ပဲ ရင်းနှီးခဲ့ရသည်။ ဤကဲ့သို့မြင်ရန် စွမ်းအားထုတ် ကျင့်နိုင်မည့်သူ ရှားလိမ့်မည်ကိုလည်း ရိပ်စားမိသည်။ သာမန် သဒ္ဓါ ဝီရိယတို့ဖြင့် မမြင်နိုင်ပေ။

            ထိုသဘောကို မြတ်စွာဘုရားရှင်က-

“ငါသည် ခဲယဉ်းစွာကျင့်သဖြင့် သိအပ်ပြီးသောတရားကို ယခုအခါ ဟောခြင်းငှာ မသင့်လျော်ချေ၊   ရာဂ ဒေါသ နှိပ်စက်ခံနေရသောသူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။

အမှောင်ထုဖုံးလွမ်းလျက် ရာဂတပ်စွဲနေသောသူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ့)အဆန်တရားကို မြင်နိုင်ကြမည် မဟုတ်ချေ။” ဟု ဟောကြားထားသည်။

ထို့ကြောင့် တရားကျင့်သောယောဂီတို့အနေဖြင့် “ရုပ်နာမ်မြင်သည်”ဟုဆိုရာ၌ ထင်ယောင်ထင်မှား ရုပ်နာမ်မဖြစ်စေရန် သတိပြုနိုင်ပါစေကြောင်း…။

အောင်လံဆရာတော်ကြီး၏         

‘သောတာပတ္တိမဂ်ရှုဖွယ်’ကျမ်းမှ ထုတ်နုတ်၍         

No comments:

Post a Comment