သံယုတ္တနိကာယ်
မဟာဝဂ္ဂသံယုတ်ပါဠိတော်
မဂ္ဂသံယုတ်၊
အဝိဇ္ဇာဝဂ်
ဇာဏုဿောဏိဗြာဟ္မဏသုတ္တံ
ဇာဏုဿောဏိဗြာဟ္မဏသုတ်(မြန်မာပြန်)
သာဝတ္ထိနိဒါန်း
ထိုအခါ
အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင်
သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏။ အသျှင်အာနန္ဒာသည် အလုံးစုံဖြူသော မြင်းမကသော ရထားဖြင့်
သာဝတ္ထိပြည်မှ ထွက်လာသော ဇာဏုဿောဏိပုဏ္ဏားကို မြင်လေ၏။ ကထားသောမြင်းမတို့ သည်လည်း ဖြူကုန်၏၊
ရထားတန်ဆာတို့သည်လည်း ဖြူကုန်၏၊ ရထားသည်လည်း ဖြူ၏၊ ဖြူသော အခြံအရံလည်း ရှိ၏၊ ဇက်ကြိုးတို့သည်လည်း
ဖြူကုန်၏၊ နှင်တံသည်လည်း ဖြူ၏၊ ထီးသည်လည်း ဖြူ၏၊ သင်းကျစ်သည်လည်း ဖြူ၏၊ အဝတ်တို့သည်လည်း
ဖြူကုန်၏၊ ဖိနပ်တို့သည်လည်း ဖြူကုန်၏၊ ဖြူသော သားမြီးယပ်ဖြင့် ယပ်ခပ်စေ၏၊ လူအများသည်
ထိုရထားကို တွေ့မြင်ကြ၍ ''အချင်းတို့ ရထားသည် ကောင်းမြတ်လှပေစွတကား၊ အချင်းတို့ ဗြဟ္မယာဉ်နှင့်
တူပေစွတကား''ဟု ပြောဆို၏။
ထိုအခါ
အသျှင်အာနန္ဒာသည် သာဝတ္ထိပြည်မှ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းစားရာမှ
ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌
ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-
အသျှင်ဘုရား
အကျွန်ုပ်သည် ဤနေ့နံနက်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့
ဆွမ်းခံဝင်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အလုံးစုံဖြူသော မြင်းမ ကသောရထားဖြင့် သာဝတ္ထိပြည်မှ
ထွက်လာသော ဇာဏုဿောဏိပုဏ္ဏားကို တွေ့မြင်ခဲ့ပါ၏။ ကထားသော မြင်းမတို့သည်လည်း ဖြူပါကုန်၏၊
ရထားတန်ဆာတို့သည်လည်း ဖြူပါကုန်၏၊ ရထားသည်လည်း ဖြူပါ၏၊ ဖြူသောအခြံအရံလည်း ရှိပါ၏၊ ဇက်ကြိုးတို့သည်လည်း
ဖြူပါကုန်၏၊ နှင်တံသည်လည်း ဖြူပါ၏၊ ထီးသည်လည်း ဖြူပါ၏၊ သင်းကျစ်သည်လည်း ဖြူပါ၏၊ အဝတ်တို့သည်လည်း
ဖြူပါကုန်၏၊ ဖိနပ်တို့သည်လည်း ဖြူပါကုန်၏၊ ဖြူသော သားမြီးယပ်ဖြင့် ယပ်ခပ်စေပါ၏၊ လူအများသည်
ထိုရထားကို တွေ့မြင်ကြ၍ ''အချင်းတို့ ရထားသည် ကောင်းမြတ်လှပေစွတကား၊ အချင်းတို့ ဗြဟ္မယာဉ်နှင့်
တူပေစွတကား''ဟုပြောဆိုပါကုန်၏။ အသျှင်ဘုရား ဤသာသနာတော်၌ ဗြဟ္မယာဉ်ကို ပညတ်ခြင်းငှါ
စွမ်းနိုင်ပါမည်လောဟုလျှောက်၏။
''အာနန္ဒာ
စွမ်းနိုင်၏''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ အာနန္ဒာ ဗြဟ္မယာဉ်ဟူသော ဤအမည်သည်လည်းကောင်း၊
ဓမ္မယာဉ်ဟူသော ဤအမည်သည်လည်းကောင်း၊ အတုမရှိမူ၍ (ကိလေသာ) စစ်ပွဲ၌ အောင်မြင်နိုင်သော
ယာဉ်ဟူသော ဤအမည်သည်လည်းကောင်း အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၏ အမည်သာဖြစ်၏။
အာနန္ဒာ မှန်ကန်သောအမြင်
'သမ္မာဒိဋ္ဌိ'ကို ပွားများသော် ကြိမ်ဖန်များစွာ
ပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ'ကို
ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။
အာနန္ဒာ မှန်ကန်သောအကြံ
'သမ္မာသင်္ကပ္ပ'ကိုပွားများသော် ကြိမ်ဖန်များစွာ
ပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ'ကို
ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိ၏။
အာနန္ဒာ မှန်ကန်သော
စကား 'သမ္မာဝါစာ'ကို ပွားများသော် ကြိမ်ဖန်များစွာ
ပြုလုပ်သော်စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ'ကို
ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိ၏၊ တွေဝေမှု 'မောဟ' ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။
အာနန္ဒာ မှန်ကန်သောအလုပ်
'သမ္မာကမ္မန္တ'ကို ပွားများသော် ကြိမ်ဖန်များစွာ
ပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက် ထွက်မှု 'ဒေါသ'ကို
ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံး ရှိ၏။
အာနန္ဒာ မှန်ကန်သောအသက်မွေးမှု
'သမ္မာအာဇီဝ'ကို ပွားများသော် ကြိမ်ဖန်များစွာ
ပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ'ကို
ပယ်ဖျောက်ခြင်းလျှင် အဆုံး ရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။
အာနန္ဒာ မှန်ကန်သောအားထုတ်မှု
'သမ္မာဝါယာမ'ကို ပွားများသော် ကြိမ်ဖန်များစွာ
ပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ'ကို
ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။
အာနန္ဒာ မှန်ကန်သော
အောက်မေ့မှု 'သမ္မာသတိ'ကို ပွားများသော် ကြိမ်ဖန်များစွာပြုလုပ်သော်
စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ' ကို ပယ်ဖျောက်ခြင်းလျှင်
အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။
အာနန္ဒာ မှန်ကန်သော
အောက်မေ့မှု 'သမ္မာသမာဓိ'ကို ပွားများသော် ကြိမ်ဖန်များစွာပြုလုပ်သော်
စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ' ကို ပယ်ဖျောက်ခြင်းလျှင်
အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။
အာနန္ဒာ ဗြဟ္မယာဉ်ဟူသော
ဤအမည်သည်လည်းကောင်း၊ ဓမ္မယာဉ်ဟူသော ဤအမည်သည်လည်း ကောင်း၊ အတုမရှိမူ၍ (ကိလေသာ)စစ်ပွဲ၌
အောင်မြင်နိုင်သော ယာဉ်ဟူသော ဤအမည်သည်လည်းကောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်၏ အမည်သာတည်းဟူသော
ဤစကားကိုဤဆိုခဲ့ပြီးသောအကြောင်းဖြင့် သိအပ် ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည်
ဤတရားစကားကို ဟောကြားပြီး၍ ထိုမှတစ်ပါး ဤဂါထာများကို ဟောတော်မူ၏-
''အကြင်မဂ္ဂင်ရထားအား
သဒ္ဓါနှင့် ပညာ
တရားနှစ်ပါးတို့ကို အခါခပ်သိမ်း (ဥပေက္ခာဟူသော) ထမ်းပိုး ၌ ကအပ်ကုန်၏၊ ရှက်မှု 'ဟိရီ' သည် ရထားသံမည်၏၊ ဝိပဿနာစိတ်
(မဂ်စိတ်) သည်ဇက်ကြိုးမည်၏၊ အောက်မေ့မှု 'သတိ'သည်
စောင့်ရှောက်သော ရထားထိန်းမည်၏။
(မဂ္ဂင်)ရထားသည် သီလတည်းဟူသော တန်ဆာရှိ၏၊ ဈာန်တည်းဟူသော
ဝင်ရိုး ရှိ၏၊ ဝီရိယ တည်းဟူသော ဘီးရှိ၏၊ ဥပေက္ခာသည် ရထားဦးကို တည်ငြိမ်စေ၏၊ အလောဘသည် အကာအရံဖြစ်ပေ၏။
မပျက်စီးစေလိုမှု
'အဗျာပါဒ' မညှဉ်းဆဲလိုမှု 'အဝိဟိံသာ' ဆိတ်ငြိမ်မှု 'ဝိဝေက'သည်
အကြင်မဂ္ဂင် ရထား၌တည်သူ၏ လက်နက်မည်၏၊ သည်းခံခြင်းသည်
ချပ်ဝတ်တန်ဆာ မည်၏၊ ထိုမဂ္ဂင်ရထား၌ တည်သူ သည် ယောဂ၏ကုန်ရာ(နိဗ္ဗာန်)သို့ ရှေးရှု သွား၏။
ပညာရှိတို့သည် မိမိသန္တာန်၌
ဖြစ်ပေါ်လာသောအတုမရှိသော ထိုဗြဟ္မယာဉ်တည်းဟူသော မဂ္ဂင် ရထားကို(တက်စီးကြပြီးလျှင်)
အောင်ပွဲမှန်သမျှကို စင်စစ်အောင်မြင်ကြ၍ လောကမှထွက်မြောက်ကြ ကုန်၏''ဟု(မိန့်တော်မူ၏)။
နိဋ္ဌိတံ။
No comments:
Post a Comment