ယသောဓရာထေရီအပဒါန်
အခါတစ်ပါး လူတို့၏အကြီးအမှူးဖြစ်သော မြတ်စွာဘုရားသည် နှလုံးမွေ့လျော်ဖွယ်ရှိသော ပြည့်စုံ ကြွယ်ဝသော ရာဇဂြိုဟ်ပြည်တွင် မြတ်သော တောင်ဝှမ်းတစ်ခု၌ (သီတင်းသုံး) နေတော်မူသည်ရှိသော်-
နှလုံးမွေ့လျော်ဖွယ်ရှိသော ထိုရာဇဂြိုဟ်ပြည် ဘိက္ခုနီမတို့၏ကျောင်း၌ (သီတင်းသုံး)နေသော ယသောဓရာရဟန်းမအား ဤသို့အကြံအစည်သည် ဖြစ်၏။
သုဒ္ဓေါဒနမင်းကြီးသည်လည်းကောင်း၊ မဟာပဇာပတိဂေါတမီသည်လည်းကောင်း၊ ကျော်စောထင်ရှား ကုန်သော မဟာထေရ်တို့သည်လည်းကောင်း၊ ကြီးသောတန်ခိုးရှိကုန်သော ထေရီမတို့သည်လည်းကောင်း-
ထိုသုဒ္ဓေါဒနမင်းစသည်တို့သည် အာသဝကင်းကုန်သည်ဖြစ်၍ 'ဆီမီးလျှံတို့ကဲ့သို့' ငြိမ်းအေးရာနိဗ္ဗာန် သို့ ကြွသွားကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ငါသည်လည်း မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်သာလျှင် ငြိမ်းအေးရာ နိဗ္ဗာန်သို့-
သွားအံ့ဟုကြံစည်၍ မိမိ၏အသက်ကို ကြည့်ရှုလတ်သော် ထိုနေ့၌ပင်လျှင် ကုန်ခန်းခြင်းသို့ရောက် လတ္တံ့ဟူသော အာယုသင်္ခါရကို မြင်၍-
ကြီးမားသောတန်ခိုး, ကြီးမားသောပညာရှိသော ထိုယသောဓရာသည် မိမိ၏သင်္ခမ်းကျောင်းမှ ထွက်၍ သပိတ်သင်္ကန်းကိုယူပြီးလျှင် ရဟန်းမတစ်သိန်းတို့ဖြင့်ခြံရံလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်၏။ မြတ်စွာဘုရား ကို ရိုသေစွာရှိခိုး၍ မြတ်စွာဘုရား၏ စက်လက္ခဏာရှိသောခြေတော်၏အနီး သင့်လျော်ရာအရပ်၌ထိုင်လျက် ဤစကားကို လျှောက်ထား၏-
မြတ်စွာဘုရား လျှောက်ထားပါ၏၊ အကျွန်ုပ်သည် ခုနစ်ဆယ့်ရှစ်နှစ်ရှိ၍ နောက်ဆုံးအရွယ်ဖြစ်ပါ၏၊ ကုန်းကိုင်းသော 'ပဗ္ဘာရဒသက' အရွယ်သို့ ဆိုက်ရောက်ပါပြီ။
အကျွန်ုပ်၏ အရွယ်သည် ကြီးရင့်လှပါပြီ၊ အကျွန်ုပ်၏ အသက်သည် နည်းလှပါပြီ၊ အရှင်တို့ကို စွန့်၍ သွားရတော့အံ့၊ အကျွန်ုပ်သည် မိမိကိုယ်၏ ကိုးကွယ်ရာကို ပြုချိန်တန်ပါပြီ။
နောက်ဆုံးဖြစ်သော အချိန်အရွယ်၌ သေခြင်းတရားသည် နှိပ်စက်၏၊ မြတ်စွာဘုရား ယနေ့ညဉ့်၌ပင် နိဗ္ဗာန်သို့ ရောက်ရတော့အံ့။
မြတ်စွာဘုရား အကြင်နိဗ္ဗာန်၌ ပဋိသန္ဓေနေခြင်း, ရင့်(အို)ခြင်း, နာခြင်း, သေခြင်းတရားသည်မရှိ၊ အိုခြင်း, သေခြင်း, ပြုစီရင်ခြင်း မရှိသော ထိုနိဗ္ဗာန်မြို့သို့ သွားရပါတော့အံ့။
အကြင်မျှလောက်ကုန်သော ပရိသတ်တို့သည် မြတ်စွာဘုရားအားဆည်းကပ်၍ အပြစ်ကိုသိကုန်၏၊ ထိုအပြစ်ကို မြတ်စွာဘုရား၏ မျက်မှောက်၌ သည်းခံကြပါကုန်။
သံသရာ၌ ကျင်လည်၍လည်း အရှင်ဘုရား၌ အကျွန်ုပ်၏ချွတ်ချော်မှုသည် အကယ်၍ ရှိပါအံ့၊ မြတ်စွာဘုရား လျှောက်ကြားပါ၏၊ အကျွန်ုပ်၏ အပြစ်ကို သည်းခံတော်မူပါ (ဟု ဤစကားကိုလျှောက်ဆို၏)။
မြတ်စွာဘုရားသည် ထိုယသောဓရာထေရီ၏စကားကို ကြားနာရ၍ ဤစကားကိုမိန့်တော်မူ၏-ပရိနိဗ္ဗာန်စံယူခြင်းငှါ သွားတော့မည့်ဆဲဆဲဖြစ်သောသင့်အား အဘယ်မှာ အတုံ့အပြန်ပြောရပါတော့အံ့နည်း။
ငါ၏အဆုံးအမကို လိုက်နာသောယသောဓရာ တန်ခိုးကိုလည်း ပြဦးလော့၊ အကြင်မျှလောက် ပရိသတ်အားလုံးတို့၏ ယုံမှားခြင်းကိုလည်း ဖြတ်တောက်ခဲ့ဦးလော့ (ဟု မိန့်တော်မူ၏)။
ထိုယသောဓရာဘိက္ခုနီမသည် မြတ်စွာဘုရား၏ ထိုစကားတော်ကိုကြားနာ၍ ထိုမြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဤစကားကို လျှောက်ထား၏-
မြတ်စွာဘုရား အကျွန်ုပ်ယသောဓရာသည် နန်းအိမ်တော်၌စံနေစဉ်အခါ အရှင်ဘုရား၏ ကြင်ရာ တော်ပါတည်း၊ သာကီဝင်မင်းမျိုး၌ဖြစ်၍ မိန်းမမြတ်တို့၏ ကြန်အင်လက္ခဏာ၌ တည်ပါ၏။
မြတ်စွာဘုရား အကျွန်ုပ်သည် အရှင်၏နန်းအိမ်တော်၌ မိန်းမကိုးသန်းခြောက်သိန်းတို့၏ အကြီး အမှူးပါတည်း၊ မိန်းမအားလုံးတို့ကို အစိုးရသူပါတည်း။
ရုပ်အဆင်း အကျင့်ဂုဏ်နှင့် ပြည့်စုံကုန်သောအရွယ်၌တည်ကုန်သော ချစ်ဖွယ်သောစကားကို ဆို တတ်ကုန်သော မောင်းမအားလုံးတို့သည် 'လူတို့သည် နတ်တို့ကို ရိုသေကုန်သကဲ့သို့' အကျွန်ုပ်ကို (အခါ ခပ်သိမ်း) ရိုသေကြပါကုန်၏။
သာကီဝင်မင်းသား၏ နန်းအိမ်တော်၌ သတို့သမီးတစ်သိန်းတို့၏ အကြီးအမှူးဖြစ်၍ 'နန္ဒဝန်ဥယျာဉ်၌ နတ်တို့ကဲ့သို့' တူမျှသော ချမ်းသာဆင်းရဲရှိလျက် (ပျော်မွေ့ခဲ့ပါ၏)။
(မြတ်စွာဘုရား) အကျွန်ုပ်သည် ရုပ်အဆင်းအရာ၌ ကာမဘုံကို ကျော်လွန်၍တည်ပါ၏၊ မြတ်စွာ ဘုရားကို ချန်ထား၍ အကျွန်ုပ်၏ရုပ်အဆင်းနှင့် တူသူမရှိပါဘုရား (ဟု လျှောက်ထား၏)။
မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီးလျှင် မြတ်စွာဘုရားအား တန်ခိုးကိုပြလေ၏၊ တစ်ပါးမက အထူးထူး အပြားပြားသော ကြီးသောတန်ခိုးတို့ကိုလည်း ပြ၏။
ကိုယ်သည် စကြဝဠာမျှလောက် ရှိ၏၊ ဦးခေါင်းသည် မြောက်ကျွန်းမျှလောက် ရှိ၏၊ အတောင်နှစ်ဖက် တို့သည် (အရှေ့, အနောက်)နှစ်ကျွန်းမျှလောက် ရှိကုန်၏၊ ကိုယ်အားဖြင့် ဇမ္ဗုဒီပါကျွန်းမျှလောက် ရှိ၏။
မြီးစည်းသည် တောင်သမုဒ္ဒရာမျှလောက် ရှိ၏၊ ထိုမှတစ်ပါး အတောင်ပံတို့သည်ကား အသီးအသီး သော အခက်နှင့်တူကုန်၏၊ မျက်စိသည် လ, နေမျှလောက် ရှိ၏၊ ဦးစွန်းသည် မြင်းမိုရ်တောင်မျှလောက်ရှိ၏။
နှုတ်သီးသည် စကြဝဠာတောင်မျှလောက် ရှိ၏၊ ဇမ္ဗုသပြေပင်ကို အမြစ်အရင်းနှင့်တကွနုတ်၍ ယပ် ခတ်ကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက်ပင် ဆင်အသွင်ကိုလည်းကောင်း၊ ထို့အတူပင် မြင်းအသွင်, တောင်အသွင်, သမုဒ္ဒရာအသွင်ကိုလည်းကောင်း၊ ထိုမှတစ်ပါး လနေအသွင်, မြင်းမိုရ်တောင်အသွင်, သိကြား မင်းအသွင်ကိုလည်းကောင်း ဖန်ဆင်းပြလေ၏။
လုံ့လရှိတော်မူသောမြတ်စွာဘုရား အကျွန်ုပ်ယသောဓရာပါတည်း၊ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာ ဘုရား အရှင်ဘုရား၏ခြေတော်တို့ကို ရှိခိုးပါ၏၊ လောကဓာတ်တစ်ထောင်တို့ကို ပဒုမ္မာကြာပွင့်ဖြင့် ဖုံးအုပ်ခဲ့ ပါ၏။
လုံ့လရှိတော်မူသောမြတ်စွာဘုရား အကျွန်ုပ်ယသောဓရာပါတည်း၊ အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏၊ ဗြဟ္မာအသွင်ကိုလည်းဖန်ဆင်း၍ သင်္ခါရတို့မှဆိတ်သုဉ်းသော 'သုညတ'နိဗ္ဗာန်တရားကို ဟောပြခဲ့ ပါ၏။ စက္ခုငါးမျိုးရှိတော်မူသောမြတ်စွာဘုရား ဣဒ္ဓိဝိဓ(အဘိညာဉ်)တို့၌လည်း လေ့လာပြီးဖြစ်ပါ၏။ ဒိဗ္ဗ သောတဓာတ်အဘိညာဉ်၌လည်းကောင်း၊ စေတောပရိယဉာဏ်၌လည်းကောင်း လေ့လာပြီးဖြစ်ပါ၏။
ရှေး၌နေဖူးသောခန္ဓာအစဉ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို သုတ်သင်အပ်ပြီ၊ အလုံးစုံသော အာသဝတို့ ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန်ဖြစ်ခြင်းမရှိတော့ပါ။
ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အထံ၌ အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း အသိဉာဏ်သည် အကျွန်ုပ် အား ဖြစ်ပေါ်ခဲ့ပါကုန်၏။
ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား လောက၏ ကိုးကွယ်ရာဖြစ်သော ရှေးမြတ်စွာဘုရားတို့ (အထံ၌) ပေါင်းဆုံမိခြင်းကို အရှင်ဘုရားသည် ပြအပ်ပါပြီ၊ အရှင်ဘုရား၏အကျိုးငှါ ဆုတောင်းခြင်းသည် အကျွန်ုပ်အား များပြားလှပါ၏။
မြတ်စွာဘုရား ကုသိုလ်ဖြစ်သောအကြင်ကံကို အကျွန်ုပ်သည် ဖြည့်ကျင့်ဆည်းပူးအပ်ပြီ၊ ထိုကုသိုလ် ကံကို အောက်မေ့တော်မူပါလော့၊ ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ ကောင်းမှုကို အကျွန်ုပ်သည် ဆည်းပူးအပ်ပါပြီ။
ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား အကျွန်ုပ်သည် မလျောက်ပတ်သောအရာတို့ကိုကြဉ်၍ မကျင့်အပ်သည်ကိုတားမြစ်၍ အရှင်ဘုရား၏အကျိုးငှါ အကျွန်ုပ်သည် အသက်ကို ကောင်းစွာစွန့်လွှတ်အပ် ပါ၏။
ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား ကုဋေအထောင်မကသောဘဝတို့ပတ်လုံး သူတစ်ပါးအား မယားပြုရန်အကျိုးငှါ အကျွန်ုပ်ကိုလှူခဲ့ပါ၏၊ ထိုသို့လှူရာ၌ အရှင်ဘုရား၏ အကျိုးငှါ စိတ်ဖောက်ပြန်ခြင်း သည် မဖြစ်ခဲ့ပါ။
ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား ကုဋေအထောင်မကသောဘဝတို့ပတ်လုံး သဗ္ဗညုတ ဉာဏ်၏ အထောက်အပံ့အကျိုးငှါ အကျွန်ုပ်ကို ပေးလှူခဲ့ပါ၏၊ ထိုသို့ပေးလှူရာ၌ အရှင်ဘုရား၏ အကျိုးငှါ စိတ်ဖောက်ပြန်ခြင်းသည် မဖြစ်ခဲ့ပါ။
ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား ကုဋေအထောင်မကသောဘဝတို့ပတ်လုံး အကျွန်ုပ်ကို အစားအစာအကျိုးငှါ ပေးလှူခဲ့ပါ၏၊ ထိုသို့ပေးလှူရာ၌ အရှင်ဘုရား၏ အကျိုးငှါ စိတ်ဖောက်ပြန်ခြင်းသည် မဖြစ်ခဲ့ပါ။
အကျွန်ုပ်သည် ကုဋေအထောင်မကသောဘဝတို့ပတ်လုံး အသက်တို့ကို စွန့်လွှတ်ခဲ့ပါ၏၊ ဘေးမှ လွတ်မြောက်ခြင်းကိုပြုအံ့ဟု အကျွန်ုပ်၏အသက်ကို စွန့်လွှတ်ခဲ့ပါ၏။
ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ ကိုယ်အင်္ဂါတို့ကိုလည်းကောင်း၊ တန်ဆာဆင်အပ်ကုန်သော အဝတ်အမျိုးမျိုးတို့ကိုလည်ကောင်း၊ များစွာသောမိန်းမတန်ဆာတို့ကိုလည်း ကောင်း မလျှို့ဝှက်ပါ။
ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား
အရှင်ဘုရား၏အကျိုးငှါ ဥစ္စာစပါးကိုလည်း စွန့်ခဲ့ပါပြီ၊ ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကိုလည်းကောင်း၊
လယ်ယာကိုလည်းကောင်း၊ သားတို့ကိုလည်းကောင်း၊ သမီးတို့ကိုလည်းကောင်း စွန့်လွှတ်ခဲ့ပါပြီ။
ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား
အရှင်ဘုရား၏အကျိုးငှါ စွန့်လွှတ်ခဲ့ရကုန်သော ဆင်, မြင်း, နွားတို့သည်လည်းကောင်း၊ အလုပ်အကျွေးကျွန်မတို့သည်လည်းကောင်း
မရေတွက်နိုင်ပါကုန်။
တောင်းတတ်သူတို့ကို
အကြင်အလှူကိုလှူအံ့ဟု အကျွန်ုပ်အားတိုင်ပင်၏၊ ထိုအလှူမြတ်ကို လှူခြင်း ကြောင့် အကျွန်ုပ်၏စိတ်ဖောက်ပြန်ခြင်းကို
မမြင်ဖူးပါ။
ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ များပြားလှစွာသံသရာ၌လည်း အထူးထူးအပြားပြား များစွာသောဆင်းရဲကို ခံစားခဲ့ခြင်းသည် မရေတွက်နိုင်ပါ။
ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ ချမ်းသာခြင်းသို့ ရောက်လတ် သော် ဝမ်းမြောက်ပါ၏၊ ဆင်းရဲမှုတို့ကြောင့်ကား စိတ်မချမ်းသာခြင်း မဖြစ်ခဲ့ပါ၊ အလုံးစုံသောချမ်းသာ, ဆင်းရဲ တို့၌ ချိန်သဖွယ် (တူမျှ)သည် ဖြစ်ပါ၏။
ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား
မြတ်စွာဘုရားသည် သင့်လျော်သော အကြောင်းဖြင့် အကြင်အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တရားကို
ရှေးရှုဆောင်၏၊ ချမ်းသာ,ဆင်းရဲကိုခံစား၍ ထို သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်တော်မူ၏။
ဗြဟ္မဒေဝမြတ်စွာဘုရားကိုလည်းကောင်း၊
(ပေါရာဏ)ဂေါတမမြတ်စွာဘုရားကိုလည်းကောင်း (ဖူး မြင်ဆုတောင်းခဲ့၍) တစ်ပါးကုန်သော မြတ်စွာဘုရားတို့၏အထံတော်၌
အကျွန်ုပ်နှင့်အရှင်ဘုရား၏ ပေါင်းဆုံ ရခြင်းသည် များလှပါပြီ။
ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ ဆုတောင်းခြင်းသည် အကျွန်ုပ် အား များလှပါ၏၊ အကျွန်ုပ်သည် ဘုရားဖြစ်ကြောင်းတရားတို့ကိုရှာဖွေသောအရှင်ဘုရား၏ အလုပ်အကျွေး ပါတည်း။
လေးအသင်္ချေတို့ကိုလည်းကောင်း၊ ကမ္ဘာတစ်သိန်းတို့ကိုလည်းကောင်း လွန်၍ လောက၏ရှေ့သွား ခေါင်းဆောင်ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် ပွင့်တော်မူခဲ့ပါ၏။
မြို့စွန်မြို့ဖျားဖြစ်သောအရပ်ဒေသ၌ မြတ်စွာဘုရားကိုပင့်ဖိတ်ပြီးလျှင် ထိုဒီပင်္ကရာမြတ်စွာဘုရား ကြွ လာရာဖြစ်သောလမ်းကို နှစ်သက်သောစိတ်ရှိကြကုန်သည်ဖြစ်၍ သုတ်သင်ကြကုန်၏။ထိုအခါ ထိုအရှင်ဘုရားသည် ''သုမေဓာ''အမည်ရှိသော ပုဏ္ဏားဖြစ်၏၊ ကြွလာသော ဒီပင်္ကရာ မြတ်စွာဘုရား၏ လမ်းခရီးကိုလည်း သုတ်သင်စီရင်၏။
ထိုအခါ အကျွန်ုပ်သည် ပုဏ္ဏားအမျိုး၌ဖြစ်၍ အမည်အားဖြင့် ''သုမိတ္တာ''ဟု ထင်ရှားသောအမျိုးသမီး ဖြစ်၏၊ (ရမ္မာဝတီ)ပြည်သူတို့ အစည်းအဝေးသို့ ချဉ်းကပ်ခဲ့၏။
ဒီပင်္ကရာမြတ်စွာဘုရားအား ပူဇော်ခြင်းအကျိုးငှါ ကြာရှစ်ခိုင်တို့ကိုယူခဲ့ပြီးသော် လူတို့အလယ်၌ ထင်ရှားသော သုမေဓာရသေ့ကို ဖူးမြင်ရ၏။
ကြာမြင့်စွာသောကာလပတ်လုံး အစဉ်လိုက်သော ချစ်ကြင်နာခဲ့သော အလွန်နှစ်သက်ဖွယ်ဖြစ်၍ စိတ်နှလုံးကိုဆွဲဆောင်နိုင်သောရသေ့ကို ဖူးမြင်ရ၍ ထိုအခါ ငါ၏အသက်ရှင်ခြင်းသည် အကျိုးရှိလေစွဟု အောက်မေ့ထင်မှတ်ခဲ့၏။
ထိုအခါငါသည် ရသေ့၏ မိမိအကျိုးကိုအားထုတ်သည်ကို မြင်၏၊ ငါ၏စိတ်သည် ရှေးကံကြောင့် မြတ်စွာဘုရား၌လည်း ကြည်ညို၏။
တက်ကြွသောစိတ်ရှိသောရသေ့၌ လွန်စွာစိတ်ကိုကြည်ညိုစေ၏၊ အရှင်ရသေ့ အရှင့်အားပေးလှူရန် အခြားတစ်ပါးသောလှူဖွယ်ကိုမမြင်ပါ၊ အရှင့်အား ပန်းတို့ကိုလှူပါ၏။
အရှင်ရသေ့ ကြာငါးခိုင်တို့သည် အရှင်ရသေ့အားဖြစ်ပါစေကုန်၊ ကြာသုံးခိုင်တို့သည် အကျွန်ုပ်အား ဖြစ်ပါစေကုန်၊ အရှင်ရသေ့ အရှင်၏သမ္မာသမ္ဗောဓိဉာဏ်အကျိုးငှါ ထိုအရှင်ရသေ့နှင့်အတူတကွ ပေါင်းဆုံမိ ခြင်း ဖြစ်ပါစေကုန်။
လေးခုမြောက်
ဘာဏဝါရ ပြီး၏။
သုမေဓာရသေ့မြတ်သည် သမ္မာသမ္ဗောဓိဉာဏ်အကျိုးငှါ
ပန်းတို့ကိုယူ၍ ကြွလာသောအမြတ်ဆုံး ရသေ့ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားကို လူတို့အလယ်၌
ပူဇော်လေ၏။
ကြီးမြတ်သောလုံ့လရှိတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် တက်ကြွသောစိတ်ရှိသောရသေ့ကို မြင်၍ လူတို့အလယ်၌ ဗျာဒိတ်စကား ကြားတော်မူ၏-
ရဟန်းမြတ်ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည်
ဤကမ္ဘာမှ မရေတွက်နိုင်သော လေး အသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ အကျွန်ုပ်၏ ဖြောင့်စွာဖြစ်သော
ကောင်းမှုကံကို (ဤသို့) ဗျာဒိတ်စကား ကြားတော်မူ၏။ -
ရသေ့မြတ် ဤသတို့သမီးသည် သင့်အကျိုးငှါ
တူမျှသောစိတ်ရှိသည် တူမျှသောကောင်းမှုကံရှိသည် တူမျှသောအမှုကိစ္စကိုပြုလေ့ရှိသည် ဖြစ်လတ္တံ့၊
ကာယကံ, ဝစီကံ အားဖြင့်ချစ်အပ်သူ ဖြစ်လတ္တံ။
ဤသတို့သမီးသည် ရှုချင်စဖွယ်ရှိသူ, ချစ်ဖွယ်ရှိသူ,
စိတ်နှလုံးကိုပွါးစေတတ်သူ, ချစ်ဖွယ်ကိုပြောဆို လေ့ရှိသူဖြစ်၍ ထိုမြတ်စွာဘုရား၏တရားတို့၌
အမွေခံသူ, တန်ခိုးကြီးသူဖြစ်၍ နေလတ္တံ့။
အရှင်၏ဘဏ္ဍာကြုတ်ကို အစဉ်စောင့်ရှောက်သကဲ့သို့
ဤအတူ ဤသတို့သမီးသည် ကုသိုလ်တရား တို့ကို အစဉ်စောင့်ရှောက်လတ္တံ့။
ထိုသင့်အား အစဉ်စောင့်ရှောက်လျက် ပါရမီတို့ကိုဖြည့်လတ္တံ့၊
'ခြင်္သေ့သည် နှောင်အိမ်ချိုင့်ကို ဖျက်ဆီး ၍သွားသကဲ့သို့' (သာဝက)ဗောဓိဉာဏ်သို့ရောက်လတ္တံ့
(ဟုမိန့်ကြားတော်မူပါ၏)။
ဤဘဒ္ဒကမ္ဘာမှ မရေမတွက်နိုင်သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်၌
ဒီပင်္ကရာမြတ်စွာ ဘုရားသည် အကျွန်ုပ်ကို အကြင်ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ အကျွန်ုပ်သည်
ထိုစကားကို ဝမ်းမြောက် လျက် ဤသို့မိန့်ကြားဗျာဒိတ်စကားအတိုင်း ပြုလေ့ရှိသူဖြစ်ခဲ့ပါ၏။
အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၌ စိတ်ကိုကြည်ညိုစေခဲ့၏၊
ကောင်းစွာပြုအပ်သော ထိုကံ၏အစွမ်း ကြောင့် မရေတွက်နိုင်သော နတ်ပြည်,လူ့ပြည်၌ဖြစ်သော
ကိုယ်ခန္ဓာကို ခံစားပြီး၍-
အကျွန်ုပ်သည် နတ်ပြည်တို့၌လည်းကောင်း၊
လူ့ပြည်တို့၌လည်းကောင်း ချမ်းသာဆင်းရဲတို့ကို ခံစား ပြီးလျှင် နောက်ဆုံးဖြစ်သောဘဝသို့ရောက်လတ်သော်
သာကီဝင်မင်းမျိုး၌ဖြစ်ခဲ့ပါ၏။
အကျွန်ုပ်သည် ရုပ်အဆင်းလှသူ, စည်းစိမ်ဥစ္စာရှိသူ, အခြံအရံများသူ, သီလရှိသူ, ထိုမှတစ်ပါးအလုံးစုံ ကိုယ်အင်္ဂါနှင့်ပြည့်စုံသူ, အမျိုးတို့၌အပူဇော်ခံရသူ ဖြစ်ပေ၏။
လာဘ်ကိုလည်းကောင်း၊ အခြံအရံအကျော်အစောကိုလည်းကောင်း၊ ပူဇော်သက္ကာရကိုလည်းကောင်း ရ၏။ လောကဓံတရားနှင့်တွေ့ကြုံရသော်လည်း အကျွန်ုပ်အား စိတ်ဆင်းရဲခြင်းမရှိပေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဘေးမရှိသည်ဖြစ်၍ နေရပါ၏။
ထိုကပိလဝတ်ပြည်သို့ ကြွတော်မူသောအခါ သုဒ္ဓေါဒနမင်း၏နန်းတော်တွင်း၌ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူအပ်၏၊ လုံ့လရှိတော်မူသောမြတ်စွာဘုရား သာကီဝင်မင်းတို့နေပြည်တော်၌ (အကျွန်ုပ် ၏) ဂုဏ်ကျေးဇူးကို ညွှန်ပြတော်မူပါ၏။
အကြင်မိန်းမသည် ကျေးဇူးလည်းပြုတတ်ပေ၏၊ အကြင်မိန်းမသည် ချမ်းသာဆင်းရဲ၌ တူမျှ၏၊ အကြင် မိန်းမသည် အကျိုးစီးပွါးကိုလည်း ပြောကြားလေ့ရှိပေ၏၊ အကြင်မိန်းမသည် အစဉ်လည်းစောင့်ရှောက်တတ် ပေ၏၊ ထိုမိန်းမ၏ဂုဏ်ကို ညွှန်ပြတော်မူ၏။
ကုဋေငါးရာသော မြတ်စွာဘုရားတို့သည်လည်းကောင်း၊ ကုဋေကိုးရာကုန်သောမြတ်စွာဘုရားတို့သည် လည်းကောင်း ပွင့်တော်မူခဲ့ကုန်၏။ ထိုနတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားတို့အား ကြီးစွာသော အလှူကို ဖြစ်စေခဲ့ပါ၏။
ဆုတောင်းခြင်းသည် အကျွန်ုပ်အားများလှပါ၏၊ တရားမင်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား အ ကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့။ ကုဋေတစ်ထောင့်တစ်ရာသောမြတ်စွာဘုရားတို့လည်းကောင်း၊ တစ်ဆယ့်နှစ်ကုဋေကုန်သော မြတ်စွာဘုရားတို့လည်းကောင်း-
နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။ ဆု တောင်းခြင်းသည် အကျွန်ုပ်အားများလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့။
ကုဋေနှစ်ထောင်သော မြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေသုံးထောင်သော မြတ်စွာဘုရားတို့ လည်းကောင်း နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။
အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့။ ကုဋေလေးထောင်သော မြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေငါးထောင် သော မြတ်စွာဘုရားတို့လည်းကောင်း-
နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။ အ ကျွန်ုပ်၏ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-
ကုဋေခြောက်ထောင်သော မြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေခုနစ်ထောင်သောမြတ်စွာဘုရားတို့ လည်းကောင်း နတ်ထက်နတ်ဖြစ်တော်မူသောထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။
အကျွန်ုပ်၏ဆုတောင်းခြင်းသည် များလှပါ၏၊
တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏
စကားကို နာကြားတော်မူပါလော့။ ကုဋေရှစ်ထောင်သောမြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေကိုးထောင်
သော မြတ်စွာဘုရားတို့လည်းကောင်း-
နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား
ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။ အ ကျွန်ုပ်၏ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား
အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-
ကုဋေတစ်သိန်းကုန်သော မြတ်စွာဘုရားတို့သည်
ပွင့်တော်မူကုန်၏၊ နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို
ဖြစ်စေခဲ့ပါ၏။
အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊
တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့။ ကုဋေကိုးထောင်ကုန်သောမြတ်စွာဘုရားတို့လည်းကောင်း၊
တစ်ပါးကုန် သော မြတ်စွာဘုရားတို့လည်းကောင်း ပွင့်တော်မူကုန်၏။
နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏၊ အ ကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-
မြတ်စွာဘုရားတို့၏ ကုဋေတစ်သိန်းရှစ်ဆယ်ငါးဆူတို့လည်းကောင်း၊ ရှစ်ထောင်ငါးရာသုံးဆယ့်ခုနစ် ကုဋေတို့လည်းကောင်း-
နတ်ထက်နတ်ဖြစ်တော်မူကုန်သော ထိုမြတ်စွာဘုရားတို့အား
ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါပြီ။ အ ကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား
အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-
ရာဂကင်းပြီးကုန်သော ခြောက်ဆယ့်လေးကုဋေသော
ပစ္စေကဗုဒ္ဓါတို့သည် ပွင့်တော်မူခဲ့ကုန်၏၊ ထို ပစ္စေကဗုဒ္ဓါတို့၏အထံ၌ အကျွန်ုပ်၏ဆုတောင်းခြင်းသည်
များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာ ဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-
ကိလေသာအညစ်အကြေးကင်းပြီးကုန်သော မြတ်စွာဘုရား၏
တပည့်'သာဝက' ရဟန္တာတို့သည် မရေတွက်နိုင်ပါကုန်၊ ထိုရဟန္တာတို့၏အထံ၌ အကျွန်ုပ်၏ဆုတောင်းခြင်းသည်
များလှပါ၏၊ တရားမင်း ဖြစ် တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-
ဤသို့ တရား၌ကောင်းစွာကျင့်ပြီးသော မြတ်စွာဘုရားတို့၏လည်းကောင်း၊
တရားကိုအခါခပ်သိမ်း ကျင့်လေ့ရှိကုန်သော ပုဂ္ဂိုလ်တို့၏လည်းကောင်း အထံတော်၌ တရားကိုကျင့်လေ့ရှိသူသည်
ဤလောက၌ လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာအိပ်ရ, နေရပါ၏။
ကောင်းသောအကျင့် 'သုစရိုက်'တရားကို ကျင့်ရာ၏၊ မကောင်းသောအကျင့် 'ဒုစရိုက်'တရားကို မကျင့်ရာ။ တရားကိုကျင့်လေ့ရှိသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ အိပ်ရ, နေရပါ၏။
အကျွန်ုပ်သည် သံသရာ၌ငြီးငွေ့၍ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပါ၏၊ အခြံအရံတစ်ထောင်ဖြင့် ကြောင့်ကြမဲ့ ရဟန်းပြုပြီးလျှင် -
အိမ်ရာထောင်သော လူ့အဖြစ်ကို စွန့်ပယ်၍ အိမ်ရာမထောင်သော ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပါ၏၊ လခွဲမရောက်မီပင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍သိသော အရဟတ္တမဂ်ဉာဏ်သို့ရောက်ခဲ့ပါ၏။
များစွာကုန်သောလူတို့သည် သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးပစ္စည်းကိုလည်း ကောင်း၊ အိပ်ရာနေရာကျောင်းကိုလည်းကောင်း 'သမုဒ္ဒရာ၌လှိုင်းတံပိုးတို့ကဲ့သို့' ပို့ဆောင်ပါကုန်၏။
ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ
။ပ။ အာသဝမရှိဘဲ နေရ၏။
ငါ၏လာခြင်းကား ကောင်းသောလာခြင်းစင်စစ်
ဖြစ်ပေ၏ ။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့် အပ်ပါပြီ။
လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း ။ပ။ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
ဤသို့ များပြားသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ များပြားသော စည်းစိမ်ကိုလည်းကောင်း ခံစားပြီး လျှင် အထူးစင်ကြယ်သော ရဟန္တာအဖြစ်သို့ရောက်လျက် အလုံးစုံသောပြည့်စုံခြင်းတို့ကို ရရှိပါ၏။
အကြင်မိန်းမသည် မြတ်စွာဘုရား၏ ကောင်းမှုကုသိုလ်အကျိုးငှါ
မိမိကိုယ်ကို ပေးလှူ၏၊ ထိုမိန်းမအား အဖော်(ခင်ပွန်း)၏ ပြည့်စုံခြင်းတို့သည် ဖြစ်ပါကုန်၏၊
အကြောင်းလေးပါးတို့ ပေါင်းစပ်ပြုစီရင်ခြင်းမရှိသော ရောက်ထိုက်သော နိဗ္ဗာန်သို့ ရောက်ပါ၏။
အကျွန်ုပ်အား အတိတ်ကံသည်လည်းကောင်း၊ ပစ္စုပ္ပန်ကံသည်လည်းကောင်း၊
အနာဂတ်ကံသည် လည်းကောင်း ကုန်ပါပြီ။ အလုံးစုံသောကံသည် အကျွန်ုပ်အား ကုန်ပါပြီ၊ စက္ခုငါးမျိုးနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏။
ဤသို့လျှင် ယသောဓရာရဟန်းမသည်
မြတ်စွာဘုရား၏မျက်မှောက်၌ ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။
No comments:
Post a Comment