“ဘဝင်၌သာ… (သို့) ဘဝင်မှထွက်မြောက်ခြင်း”
စိတ်ဟူသည် ဟဒယဝတ္ထုကိုမှီသော
ဘဝင်မှလွဲ၍ မည်သည့်နေရာကိုမျှ ထွက်သွားခြင်းမရှိပါ။
ထို့ကြောင့် ပြင်ပအာရုံငါးမျိုးသည် ခန္ဓာ၏ဒွါရငါးပေါက်သို့
တဆင့်ကျရောက်၍ ဘဝင်သို့သက်ရောက်သည်။ ထိုအာရုံတို့၏ အနိဋ္ဌရသ၊ ဣဋ္ဌရသတို့သည်လည်း ဘဝင်သို့သက်ရောက်သည်။
အတိတ် အနာဂတ်အာရုံတို့သည်လည်း ဘဝင်ကိုမှီ၍ဖြစ်သည်။
ဘဝင်နှင့် အာရုံတို့ တိုက်ခိုက်မိခြင်းကြောင့်
မနောဝိညာဏ်ဖြစ်သည်။ ထိုမနောဝိညာဏ်သည် အကုသိုလ်စေတသိက်တို့နှင့်ယှဉ်ခဲ့သော် တဏှာ မာန
ဒိဋ္ဌိ ဖြစ်သည်။ ကုသိုလ်စေတသိက်တို့နှင့်ပေါင်းခဲ့သော် သီလ သမာဓိ ပညာစိတ် ဖြစ်သည်။
ထို့ကြောင့် အလုံးစုံသောအာရုံတို့သည်
ဘဝင်ကိုသက်ရောက်ပြီးမှ မနောဝိညာဏ်သည် သဘောအားလုံးအပေါ်၌ သုံးသပ်နိုင်သည်။
ဝိပဿနာရှုရာတွင်
မိမိအရှုဉာဏ်သည် ပြင်ပအာရုံကို နှလုံးသွင်း၍ ရှုနေသေးလျှင်လည်းကောင်း၊ မိမိခန္ဓာကိုယ်၏
ရူပကာယသဏ္ဌာန်ပညတ်ကို အာရုံပြု နှလုံးသွင်း ရှုနေသေးလျှင်လည်းကောင်း မှန်ကန်သော အရှုဉာဏ်
မဟုတ်သေးပါ။
အဘယ့်ကြောင့်ဆိုသော်
အထက်၌ရှင်းပြခဲ့သည့်အတိုင်း အာရုံအားလုံးတို့သည် ဘဝင်၌သာထင်၍ သဟိတ်မနောဝိညာဏ်သည် ဘဝင်၌ပင်
အရှုခံအာရုံတို့ကို လက္ခဏာတင်၍ ရှုနေခြင်းဖြစ်သည်။ ထို့ကြောင့် ဘဝင်အကြည်ကိုမမြင်သေးသရွေ့
နာမ်တရားတို့ကိုမမြင်သေးပါ။ အမှန်တရားကိုလည်း မမြင်သေးပါ။
“နှစ်သိနှစ်မြင် ဒိဋ္ဌိစင်
ဘဝင်မြင်မှ လမ်းမှန်ရ”ဟု ပညာရှိများ ဆိုရိုးစကားရှိပါသည်။
လောကီကာမပညတ်အာရုံတို့သည်လည်းကောင်း၊
လောကီပရမတ်အာရုံတို့သည်လည်းကောင်း ဘဝင်၌သာ ထင်သည်။ ဘဝင်၌ထင်သောအာရုံတို့ကို ရှုခြင်းဖြစ်သည်။
ထိုသို့ အသိနှစ်သိ၊ အမြင်နှစ်မြင်သို့ ဆိုက်ရောက်၍ ဒိဋ္ဌိစင်ခြင်းဖြစ်သည်။
တရာအားလုံးသည် ဘဝင်၌ပင်
ထင်သည်။
တရားရှုခြင်းသည်လည်း
ဘဝင်မှာပင် ရှုပါသည်။
လောကသုံးပါးသည်လည်း
ဘဝင်၌သာ တည်ပါသည်။
လောကမှထွက်ခြင်းသည်လည်း ဘဝင်မှထွက်ခြင်း
ဖြစ်သည်။ ဘဝင်ကိုမှီ၍ဖြစ်သောစိတ်၌ ဥပါဒါန်အစွဲချုပ်ခြင်းဖြင့် ထွက်ခြင်းဖြစ်သည်။
အောင်လံဆရာတော်ကြီး၏
သောတာပတ္တိမဂ်ရှုဖွယ်
(Page-264, Foot Note.)
No comments:
Post a Comment