20 October 2021

သာမန်တရားနှင့် ထူးသောတရား

သာမန်တရားနှင့် ထူးသောတရား...


🙏🙏🙏🙏🙏🙏🙏🙏🙏

      အရှုဉာဏ်သည် အရှုခံပရမတ်အာရုံတို့အပေါ်၌ မြင်နိုင်စွမ်းရှိခြင်း၏ ပဓာနအကြောင်းသည် သမ္မာသမာဓိဟူသော စင်ကြယ်သည့်စိတ်(စိတ္တဝိသုဒ္ဓိ) ဖြစ်သည်။*

ထိုစင်ကြယ်သည့်စိတ်သို့ မရောက်ရှိသေးပဲနှင့် အထင်ဖြင့်လည်းကောင်း၊ မှန်းဆ၍လည်းကောင်း ရှုနေသည့်သဘောကို ဝိပဿနာတရားဟူ၍ သတ်မှတ်နေကြမည်ဆိုလျှင် ခက်ခဲနက်နဲစွာကျင့်ရသော ဝိပဿနာကျင့်စဉ်သည်  ပေါ့ပေါ့တန်တန် လွယ်လွယ်ကူကူ အချိန်တိုတိုနှင့် ကျင့်၍ရနိုင်သော တရားမျိုးအဖြစ်သို့ ရောက်ရှိသွားသည် (ရောက်ရှိသွားပေလိမ့်မည်)။

တရားတွေ့သည်ဆိုသည်မှာ၊ ဒုက္ခသစ္စာကို မြင်သည်ဆိုသည်မှာ လက်ဝါးပေါ် ပြည်တန်သည့်ပတ္တမြား တင်ကြည့်ရဘိသကဲ့သို့ အရှုခံ ရုပ်ပရမတ်၊ နာမ်ပရမတ်များ၏ သဘောသတ္တိများကို ပိုင်ခြားမြင်မှ တရားတွေ့သည်ဟု ဆိုရမည်။

အထင်ဖြင့်မှန်းဆ၍ ‘ဝေဒနာဟာ ခံစားတာပဲ’ခု သာမန်အမြင်ဖြင့်ရှုနေလျှင် အထင်ဝိပဿနာသာ ဖြစ်လိမ့်မည်။

            “ဝိ” ဟူသော ပေါရာဏပညတ်သည် အလွန်နက်နဲသောအဓိပ္ပာယ်ရှိသည်။

‘ဝ’ မရှိပဲ ‘ဝိ’ မလုပ်နဲ့ ဟူသည့်ပေါရာဏစကားသည် အကြောင်းမဲ့ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။

ထူးသောသီလ၊ ထူးသောစိတ်စင်ကြယ်မှု မရှိသေးပဲနှင့် ထူးသောတရားတို့ကို မမြင်နိုင်၊ ထူးသောဝိပဿနာတရား မကျင့်နိုင်ပါဟု ဆိုလိုခြင်းဖြစ်သည်။

သာမန်နဂိုစိတ်အနေအတိုင်းဖြင့် တရားကျင့်မည်၊ တရားတွေ့သည်ဆိုလျှင် သာမန်တရားသာလျှင်ဖြစ်ပေလိမ့်မည်။ ဝိပဿနာတရား မဖြစ်နိုင်ပါ။

အောင်လံဆရာတော်ကြီး၏

“သောတာပတ္တိမဂ်ရှုဖွယ်”ကျမ်းမှ

 

မှတ်ချက်။ 

            သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိမဖြစ်သေးဘဲ (ဝါ) သမ္မာသမာဓိသို့ မရောက်သေးဘဲ ရှုသောတရားသည် သာမန်တရားသာဖြစ်၍ သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိဖြစ်ပြီးမှ (ဝါ) သမ္မာသမာဓိသို့ ရောက်ပြီးမှ ရှုသောတရားသည် ထူးသောတရား စစ်မှန်သော ဗလဝဝိပဿနာတရားဖြစ်ပါသည်။ တရားကျင့်သော ယောဂီများအနေဖြင့် သာမန်တရားနှင့် ထူးသောဝိပဿနာတရားကို ခွဲခြားနားလည်နိုင်ပါစေ…။

1 comment: