22 November 2021

မြင်နိုင်ခဲလှသော သံသရာ့အဆန်တရား


* မြင်နိုင်ခဲလှသော သံသရာ့အဆန်တရား

ဘဝင်အကြည်တည်းဟူသော ပိတ်ဖြူကားချပ်ပေါ်တွင် နှလုံးသွင်းမှုမနသိကာရတည်းဟူသော စုတ်တံကို ဥပါဒါန်တည်းဟူသောဆေးရည်၌တို့ပြီး ဝိတက်ဖြင့်လိုရာအာရုံကိုယူကာပုံဖော်၍ စေတနာတည်းဟူသောလက်ဖြင့် ရေးဆွဲလိုက်သောအခါ ခန္ဓာငါးပါးတည်းဟူသော ဓမ္မာရုံပုံရိပ် (သို့) လောက ပေါ်လာသည်။

ဆိုလိုသည်မှာ အတိတ်ကမြင်ဖူးခဲ့သော ရူပါရုံကိုယူ၍ နှလုံးသွင်းလျှင် ဘဝင်အကြည်၌ အဆင်းဓမ္မာရုံလောက ပေါ်လာသည်၊ (အသံ အနံ့ အရသာ အတွေ့ နည်းတူမှတ်ပါလေ။)

ပစ္စုပ္ပန်ဒွါရငါးပေါက်၌ ကျရောက်ဆဲအာရုံငါးပါသည် ဘဝင်သို့ကျရောက်သည်ရှိသော် ထိုအာရုံကို နှလုံးသွင်းလက်ခံခဲ့လျှင် ထိုအာရုံငါးပါးသည် ဘဝင်၌ လောကတည်ပြန်သည်။

ဘုရားအဆူဆူနှင့်တကွ ရဟန္တာပုဂ္ဂိုလ်အပေါင်းတို့ မရေအတွက်နိုင်အောင် လောကသုံးပါးမှ ထွက်မြောက်သွားကြသည်ဆိုသည်မှာ စိတ်ဖြင့်စွဲယူထားသော အကြောင်းတရား အတွင်းလောကသုံးပါးမှ ထွက်သွားခြင်းဖြစ်သည်။ ဗဟိဒ္ဓလောကသုံးပါးသည် ပြောင်းလဲခြင်းအစဉ်ဖြင့် အမြဲတမ်းရှိနေမည်ဟု လောကသုံးပါမှ ထွက်မြောက်ပုံကို ဦးသူတော် သဘောပေါက်နားလည်ခဲ့လေပြီ။

အထက်ပါ သိရန် သိမ်မွေ့နက်နဲ မြင်နိုင်ခဲလှသည့် ပရမတ်အစစ် ဓာတ်အနှစ်တရားများဖြစ်သည့် အတွင်းအာယတနတရားများကို မှန်းဆသိ၊ နာကြားသိ၊ ဖတ်သိတို့နှင့် အာရုံမပြုနိုင်ပါ။

အလွန်မှ သိနိုင်ခဲမြင်နိုင်ခဲသည်၊ အသက်နှင့်ခန္ဓာ မငဲ့ကွက်ပဲ ရင်းနှီးခဲ့ရသည်။ ဤကဲ့သို့မြင်ရန် စွမ်းအားထုတ် ကျင့်နိုင်မည့်သူ ရှားလိမ့်မည်ကိုလည်း ရိပ်စားမိသည်။ သာမန် သဒ္ဓါ ဝီရိယတို့ဖြင့် မမြင်နိုင်ပေ။

            ထိုသဘောကို မြတ်စွာဘုရားရှင်က-

“ငါသည် ခဲယဉ်းစွာကျင့်သဖြင့် သိအပ်ပြီးသောတရားကို ယခုအခါ ဟောခြင်းငှာ မသင့်လျော်ချေ၊   ရာဂ ဒေါသ နှိပ်စက်ခံနေရသောသူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။

အမှောင်ထုဖုံးလွမ်းလျက် ရာဂတပ်စွဲနေသောသူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ့)အဆန်တရားကို မြင်နိုင်ကြမည် မဟုတ်ချေ။” ဟု ဟောကြားထားသည်။

ထို့ကြောင့် တရားကျင့်သောယောဂီတို့အနေဖြင့် “ရုပ်နာမ်မြင်သည်”ဟုဆိုရာ၌ ထင်ယောင်ထင်မှား ရုပ်နာမ်မဖြစ်စေရန် သတိပြုနိုင်ပါစေကြောင်း…။

အောင်လံဆရာတော်ကြီး၏         

‘သောတာပတ္တိမဂ်ရှုဖွယ်’ကျမ်းမှ ထုတ်နုတ်၍         

16 November 2021

မငြိမ်းချမ်းသောယနေ့ကမ္ဘာမှ ငြိမ်းချမ်းသောနိဗ္ဗာနသို့…

 

*      မငြိမ်းချမ်းသောယနေ့ကမ္ဘာမှ ငြိမ်းချမ်းသောနိဗ္ဗာနသို့…

            ယခုအခါ ဉာဏ်ရည်မြင့်မားသည့် သိပ္ပံခေတ်သို့ ရောက်ရှိလာပြီး လူသားတို့သည် ပို၍ချမ်းသာလာရမည့်အစား ပို၍ဆင်းရဲကြပ်တည်းလာကြသည်။ ထိုသိပ္ပံပညာကြောင့် ရောဂါအမျိုးမျိုးလည်း တိုးတက်ဆန်းပြားလာသည်။ လူသတ်မည့်လက်နက်များလည်း အလွန်အစွမ်းထက်လာသည်။

ဤသို့ဖြစ်ရခြင်း(၏)အကြောင်းရင်းကို အဖြေမရှာကြပေ။

အများစုအဖြေရှာနေသည်မှာ မိနစ်ပိုင်းအတွင်း လူသန်းပေါင်းများစွာ ပြာကျဖို့၊ သဘာဝတရားတွေ ပျက်စီးဖို့၊ လူသတ္တဝါတို့ အဆိပ်သင့်ဖို့၊ ဝါဒရေးရာလွမ်းမိုးဖို့၊ လူမျိုးဂုဏ်မြင့်မားဖို့၊ အုပ်စုဖွဲ့ တိုက်ခိုက်သတ်ဖြတ်ဖို့တို့သာလျှင် ပညာရှင်ပေါင်းမြောက်မြားစွာ ငွေကြေးမြောက်မြားစွာ အကုန်ကျခံ၍ ကြိုးစားရှာဖွေအားထုတ်နေကြသည်။

“သတ်ဖြတ်ညှဉ်းဆဲမှုသည် ကောင်းပါသလား”ဟု မေးခွန်းထုတ်လျှင် မည်ကဲ့သို့ဖြေမည်နည်း။

လူသားတို့သည် မည်သူမျှမသတ်လည်း သူ့အလိုလိုသေရမည်သာတည်း၊ အဘယ်ကြောင့် အပိုလုပ်၍ သတ်လိုဖြတ်လိုပါသနည်း။

လူ့သက်တမ်းသည် အလွန်ဆုံး နှစ်ပေါင်းတစ်ရာကျော်ရုံမျှသာ တည်ကြသည်။ ထိုအတွင်းမှာ လူသားအချင်းချင်း ပို၍ ပျော်ရွှင်ငြိမ်းချမ်းအောင်၊ ချမ်းသာအောင် ပို၍အားထုတ်ရမည့်အလုပ်ကိုမလုပ်ဘဲ နာရီပိုင်းအတွင်း လျင်မြန်စွာ သတ်နိုင်ဖို့ကို အဘယ်ကြောင့် အားထုတ်နေကြသနည်း။

ထိုအကြောင်ရင်းမှာ စိတ်အတွင်း၌ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အာဃာတစသော ကိလေသာမာရ်နတ်များ ဝင်ပူးလှည့်စားနှောင့်ယှက်ထားသောကြောင့် ဖြစ်သည်။

ထို့အတွက်ကြောင့်လည်း ကမ္ဘာ့လူသားများ မငြိမ်းချမ်းခြင်းဖြစ်သည်။

ထို့ကြောင့် ကိလေသာနှင့်မကင်းသော ချစ်ခြင်း၊ မုန်းတီးခြင်း၊ စွဲလမ်းခြင်းတို့ကို စွန့်ရမည်ဖြစ်သည်။

အောင်လံဆရာတော်ကြီး၏

“ယောနသံစင်ရော်၏ နက်နဲသော ပဟေဠိများကို ဖွင့်ဆိုခြင်း”

(2nd Edition, page-450/451)


ဓမ္မကိုကျင့်သုံးသောလောကလူသားများသည် စွန့်လွှတ်မှု ဝေးစွာစွန့်လွှတ်မှု ကျွတ်လွတ်ထွက်မြောက်မှု မငြိမကပ်မှုတို့ဖြင့် ငြိမ်းချမ်းသည့် နိရောဓသစ္စာ နိဗ္ဗာန မြန်းကြွနိုင်ကြပြီးသကာလ သံသရာဝဋ်ဒုက္ခမီးတောက်မီးလျှံကြီး အပြီးတိုင်ချုပ်ငြိမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်…။ ။ ။

* ဤခရီးနီးသလား… (သို့)ပေါ်ဆဲသိ ချုပ်ဆဲသိ နိဗ္ဗာန်

 

*      ဤခရီးနီးသလား… (သို့)ပေါ်ဆဲသိ ချုပ်ဆဲသိ နိဗ္ဗာန်

            ပညတ်တရားတွေပေါ်တာသိရင် ဣန္ဒြေထိုက်ရင် ချုပ်ဆဲကိုမြင်တယ်။ (လောကီကာမပညတ်နှင့်ယှဉ်သောစိတ် ပေါ်ဆဲသိ)

            လောကီကာမပညတ်နဲ့ယှဉ်တဲ့စိတ်တွေရဲ့ ပေါ်ဆဲတိုင်း ပေါ်ဆဲတိုင်းကိုသိရင် ချုပ်ဆဲကို ဦးခေါင်းဆိုက်မယ်။ (လောကီကာမပညတ်နှင့်ယှဉ်သောစိတ် ချုပ်ဆဲသိ)

            ချုပ်ဆဲ…လို့ သေသေချာချာပြန်ရှုရင် ဘယ်ကိုပြန်ဆိုက်မလဲ? ပေါ်ဆဲ…၊ ပြီးတော့ ဖောက်ပြန်တယ် ညွတ်တယ်(ဆိုတဲ့) ပရမတ်ရုပ်နာမ်ကို ပြန်ရှုတယ်။ (အကျိုးတရား “လိပ်”တည်းဟူသောခန္ဓာငါးပါး လောကီပရမတ်ရုပ်နာမ် ပေါ်ဆဲသိ)

            အဲဒီကနေပြီးတော့ ပရမတ်ရုပ်နာမ်ရဲ့ ချုပ်ဆဲ(ကို)ပြန်ရှုလို့ရှိရင် ဘဝင်အကြည်(ကို) ရောက်တယ်။ (အကျိုးတရား “လိပ်”တည်းဟူသောခန္ဓာငါးပါး လောကီပရမတ်ရုပ်နာမ် ချုပ်ဆဲသိ)

            အဲဒီကနေပြီးတော့(ဘဝင်အကြည်မှခွာ) ပေါ်ဆဲ(ကို)ပြန်ရှုရင် ဆဒွါရ ရောက်တယ်။ (အကြောင်းတရား ခန္ဓာငါးပါး “သံလျက်နှင့်စဉ်းတီတုံး”တည်းဟူသော ဆဒွါရလောကီပရမတ်ရုပ်နာမ် ပေါ်ဆဲသိ)

 ဆဒွါရ(ဒွါရခြောက်စုံ)ရုပ်နာမ်တွေရဲ့ ပေါ်ဆဲ ပြန်ရှုရင် ဘယ်ကိုရောက်လဲ? ချုပ်ဆဲ ပြန်မရောက်ဘူးလား? ဘယ်ကိုရောက်သွားမလဲ? နိဗ္ဗာန်။ (အကြောင်းတရား ခန္ဓာငါးပါး “သံလျက်နှင့်စဉ်းတီတုံး”တည်းဟူသော ဆဒွါရလောကီပရမတ်ရုပ်နာမ် ချုပ်ဆဲသိ / လောကီပရမတ်ရုပ်နာမ်ချုပ်(ဣန္ဒြေထိုက်) ဒွါရခြောက်ပါးမှလွတ် လောကီခန္ဓာမှလွတ်သောကြောင့် လောကုတ္တရာပရမတ် “နိဗ္ဗာန်”ကို အာရုံပြုသောအားဖြင့် ရောက်ရှိပါသည်။ “ဘယ်ကိုရောက်သွားမလဲ…? နိဗ္ဗာန်”)

            ဆဒွါရရုပ်နာမ်တွေရဲ့ ပေါ်ဆဲသိ၊ (ပေါ်ရင်သူဘာဖြစ်မလဲ ဖြစ်ပြီးရင် ချုပ်) ဖြစ်ဆဲလည်းသိတယ် ချုပ်ဆဲလည်းသိတယ်ဆိုတော့ ချုပ်မှုမျက်မှောက်ပြုနေတော့ နိဗ္ဗာန်ကို အာရုံပြုမသွားဘူးလား…? လောကီခန္ဓာမှလွတ်သွားတော့ ရှေ့ဆက်သွားစရာ ရှိသေးလား?

            အေ… အဲဒီကနေ သောတာပတ္တိမဂ်ကူးတယ်။

 

အနှစ်ချုပ်နားလည်ရန်

            လောကီကာမပညတ်နှင့်ယှဉ်သောစိတ် ချုပ်လျှင်

            လောကီပရမတ်ရုပ်နာမ် ပေါ်ဆဲ (နှစ်ဆင့်ရှိသည်)

            လောကီပရမတ်ရုပ်နာမ် ချုပ်လျှင် (နှစ်ဆင့်ရှိသည်)

            လောကုတ္တရာ ပရမတ်နိဗ္ဗာန်။

 

ဤခရီးနီးသလား…ဆိုသော်

နီးခြင်း ဝေးခြင်းသည် လျှောက်လှမ်းသူနှင့်သာ အဓိကသက်ဆိုင်ပါကြောင်း…

 

အထူးမှတ်ချက်။ 

တရားကျင့်သော ယောဂီများ ပိုမိုနားလည်ပါစေခြင်းအလို့ငှာ၊ သဒ္ဓါတရားတိုးပွားပါစေခြင်းအလို့ငှာ အောင်လံဆရာတော်ကြီးမှ ၂၀၁၆ ခုနှစ်တွင် တိုက်ခွဲ(၃၂) သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ၊ (ရန်ကုန်)၌ ဒုတိယအကြိမ်တရားစခန်းဝင်ယောဂီများအား စခန်းပွဲတွင်း ဟောကြားသော ရှုကွက်ရှင်းတမ်းတရာတော်များမှ ထုတ်နုတ်၍ တင်ပြခြင်းဖြစ်ပါသည်။ ဆရာတော်ဆိုလိုသော “ဘဝင်”ဟူရာ၌ စာပေပရိယတ္တိမှာလာရှိသော ဝီထိစဉ်မှ “ဘဝင်”ကိုဆိုလိုခြင်းမဟုတ်ကြောင်း သဲအင်းဂူ (၃၂) ယောဂီများ သိရှိပြီးဖြစ်သည်ဟု ယူဆပါသည်။

20 October 2021

ဘဝင်၌သာ…

“ဘဝင်၌သာ… (သို့) ဘဝင်မှထွက်မြောက်ခြင်း”

            စိတ်ဟူသည် ဟဒယဝတ္ထုကိုမှီသော ဘဝင်မှလွဲ၍ မည်သည့်နေရာကိုမျှ ထွက်သွားခြင်းမရှိပါ။

ထို့ကြောင့် ပြင်ပအာရုံငါးမျိုးသည် ခန္ဓာ၏ဒွါရငါးပေါက်သို့ တဆင့်ကျရောက်၍ ဘဝင်သို့သက်ရောက်သည်။ ထိုအာရုံတို့၏ အနိဋ္ဌရသ၊ ဣဋ္ဌရသတို့သည်လည်း ဘဝင်သို့သက်ရောက်သည်။ အတိတ် အနာဂတ်အာရုံတို့သည်လည်း ဘဝင်ကိုမှီ၍ဖြစ်သည်။

ဘဝင်နှင့် အာရုံတို့ တိုက်ခိုက်မိခြင်းကြောင့် မနောဝိညာဏ်ဖြစ်သည်။ ထိုမနောဝိညာဏ်သည် အကုသိုလ်စေတသိက်တို့နှင့်ယှဉ်ခဲ့သော် တဏှာ မာန ဒိဋ္ဌိ ဖြစ်သည်။ ကုသိုလ်စေတသိက်တို့နှင့်ပေါင်းခဲ့သော် သီလ သမာဓိ ပညာစိတ် ဖြစ်သည်။

ထို့ကြောင့် အလုံးစုံသောအာရုံတို့သည် ဘဝင်ကိုသက်ရောက်ပြီးမှ မနောဝိညာဏ်သည် သဘောအားလုံးအပေါ်၌ သုံးသပ်နိုင်သည်။

            ဝိပဿနာရှုရာတွင် မိမိအရှုဉာဏ်သည် ပြင်ပအာရုံကို နှလုံးသွင်း၍ ရှုနေသေးလျှင်လည်းကောင်း၊ မိမိခန္ဓာကိုယ်၏ ရူပကာယသဏ္ဌာန်ပညတ်ကို အာရုံပြု နှလုံးသွင်း ရှုနေသေးလျှင်လည်းကောင်း မှန်ကန်သော အရှုဉာဏ် မဟုတ်သေးပါ။

            အဘယ့်ကြောင့်ဆိုသော် အထက်၌ရှင်းပြခဲ့သည့်အတိုင်း အာရုံအားလုံးတို့သည် ဘဝင်၌သာထင်၍ သဟိတ်မနောဝိညာဏ်သည် ဘဝင်၌ပင် အရှုခံအာရုံတို့ကို လက္ခဏာတင်၍ ရှုနေခြင်းဖြစ်သည်။ ထို့ကြောင့် ဘဝင်အကြည်ကိုမမြင်သေးသရွေ့ နာမ်တရားတို့ကိုမမြင်သေးပါ။ အမှန်တရားကိုလည်း မမြင်သေးပါ။

“နှစ်သိနှစ်မြင် ဒိဋ္ဌိစင် ဘဝင်မြင်မှ လမ်းမှန်ရ”ဟု ပညာရှိများ ဆိုရိုးစကားရှိပါသည်။

လောကီကာမပညတ်အာရုံတို့သည်လည်းကောင်း၊ လောကီပရမတ်အာရုံတို့သည်လည်းကောင်း ဘဝင်၌သာ ထင်သည်။ ဘဝင်၌ထင်သောအာရုံတို့ကို ရှုခြင်းဖြစ်သည်။ ထိုသို့ အသိနှစ်သိ၊ အမြင်နှစ်မြင်သို့ ဆိုက်ရောက်၍ ဒိဋ္ဌိစင်ခြင်းဖြစ်သည်။

တရာအားလုံးသည် ဘဝင်၌ပင် ထင်သည်။

တရားရှုခြင်းသည်လည်း ဘဝင်မှာပင် ရှုပါသည်။

လောကသုံးပါးသည်လည်း ဘဝင်၌သာ တည်ပါသည်။

လောကမှထွက်ခြင်းသည်လည်း ဘဝင်မှထွက်ခြင်း ဖြစ်သည်။ ဘဝင်ကိုမှီ၍ဖြစ်သောစိတ်၌ ဥပါဒါန်အစွဲချုပ်ခြင်းဖြင့် ထွက်ခြင်းဖြစ်သည်။

အောင်လံဆရာတော်ကြီး၏

သောတာပတ္တိမဂ်ရှုဖွယ်

(Page-264, Foot Note.)

သာမန်တရားနှင့် ထူးသောတရား

သာမန်တရားနှင့် ထူးသောတရား...


🙏🙏🙏🙏🙏🙏🙏🙏🙏

      အရှုဉာဏ်သည် အရှုခံပရမတ်အာရုံတို့အပေါ်၌ မြင်နိုင်စွမ်းရှိခြင်း၏ ပဓာနအကြောင်းသည် သမ္မာသမာဓိဟူသော စင်ကြယ်သည့်စိတ်(စိတ္တဝိသုဒ္ဓိ) ဖြစ်သည်။*

ထိုစင်ကြယ်သည့်စိတ်သို့ မရောက်ရှိသေးပဲနှင့် အထင်ဖြင့်လည်းကောင်း၊ မှန်းဆ၍လည်းကောင်း ရှုနေသည့်သဘောကို ဝိပဿနာတရားဟူ၍ သတ်မှတ်နေကြမည်ဆိုလျှင် ခက်ခဲနက်နဲစွာကျင့်ရသော ဝိပဿနာကျင့်စဉ်သည်  ပေါ့ပေါ့တန်တန် လွယ်လွယ်ကူကူ အချိန်တိုတိုနှင့် ကျင့်၍ရနိုင်သော တရားမျိုးအဖြစ်သို့ ရောက်ရှိသွားသည် (ရောက်ရှိသွားပေလိမ့်မည်)။

တရားတွေ့သည်ဆိုသည်မှာ၊ ဒုက္ခသစ္စာကို မြင်သည်ဆိုသည်မှာ လက်ဝါးပေါ် ပြည်တန်သည့်ပတ္တမြား တင်ကြည့်ရဘိသကဲ့သို့ အရှုခံ ရုပ်ပရမတ်၊ နာမ်ပရမတ်များ၏ သဘောသတ္တိများကို ပိုင်ခြားမြင်မှ တရားတွေ့သည်ဟု ဆိုရမည်။

အထင်ဖြင့်မှန်းဆ၍ ‘ဝေဒနာဟာ ခံစားတာပဲ’ခု သာမန်အမြင်ဖြင့်ရှုနေလျှင် အထင်ဝိပဿနာသာ ဖြစ်လိမ့်မည်။

            “ဝိ” ဟူသော ပေါရာဏပညတ်သည် အလွန်နက်နဲသောအဓိပ္ပာယ်ရှိသည်။

‘ဝ’ မရှိပဲ ‘ဝိ’ မလုပ်နဲ့ ဟူသည့်ပေါရာဏစကားသည် အကြောင်းမဲ့ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။

ထူးသောသီလ၊ ထူးသောစိတ်စင်ကြယ်မှု မရှိသေးပဲနှင့် ထူးသောတရားတို့ကို မမြင်နိုင်၊ ထူးသောဝိပဿနာတရား မကျင့်နိုင်ပါဟု ဆိုလိုခြင်းဖြစ်သည်။

သာမန်နဂိုစိတ်အနေအတိုင်းဖြင့် တရားကျင့်မည်၊ တရားတွေ့သည်ဆိုလျှင် သာမန်တရားသာလျှင်ဖြစ်ပေလိမ့်မည်။ ဝိပဿနာတရား မဖြစ်နိုင်ပါ။

အောင်လံဆရာတော်ကြီး၏

“သောတာပတ္တိမဂ်ရှုဖွယ်”ကျမ်းမှ

 

မှတ်ချက်။ 

            သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိမဖြစ်သေးဘဲ (ဝါ) သမ္မာသမာဓိသို့ မရောက်သေးဘဲ ရှုသောတရားသည် သာမန်တရားသာဖြစ်၍ သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိဖြစ်ပြီးမှ (ဝါ) သမ္မာသမာဓိသို့ ရောက်ပြီးမှ ရှုသောတရားသည် ထူးသောတရား စစ်မှန်သော ဗလဝဝိပဿနာတရားဖြစ်ပါသည်။ တရားကျင့်သော ယောဂီများအနေဖြင့် သာမန်တရားနှင့် ထူးသောဝိပဿနာတရားကို ခွဲခြားနားလည်နိုင်ပါစေ…။

16 October 2021

ဇာဏုဿောဏိဗြာဟ္မဏသုတ္တံ

 သံယုတ္တနိကာယ်

မဟာဝဂ္ဂသံယုတ်ပါဠိတော်

 မဂ္ဂသံယုတ်၊ အဝိဇ္ဇာဝဂ်

ဇာဏုဿောဏိဗြာဟ္မဏသုတ္တံ

ဇာဏုဿောဏိဗြာဟ္မဏသုတ္တံ(ပါဠိ)

သာဝတ္ထိနိဒါနံ

အထ ခေါ အာယသ္မာ အာနန္ဒော ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ အဒ္ဒသာ ခေါ အာယသ္မာ အာနန္ဒော ဇာဏုဿောဏိံ ဗြာဟ္မဏံ သဗ္ဗသေတေန ဝဠဝါဘိရထေန [ဝဠဘီရထေန (သီ။)] သာဝတ္ထိယာ နိယျာယန္တံ။ သေတာ သုဒံ အဿာ ယုတ္တာ ဟောန္တိ သေတာလင်္ကာရာ, သေတော ရထော, သေတပရိဝါရော, သေတာ ရသ္မိယော, သေတာ ပတောဒလဋ္ဌိ, သေတံ ဆတ္တံ, သေတံ ဥဏှီသံ, သေတာနိ ဝတ္ထာနိ, သေတာ ဥပါဟနာ, သေတာယ သုဒံ ဝါလဗီဇနိယာ ဗီဇီယတိ။ တမေနံ ဇနော ဒိသွာ ဧဝမာဟ – ‘‘ဗြဟ္မံ ဝတ, ဘော, ယာနံ! ဗြဟ္မယာနရူပံ ဝတ, ဘော’’တိ!!

အထ ခေါ အာယသ္မာ အာနန္ဒော သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ –

‘‘ဣဓာဟံ, ဘန္တေ, ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိံ။ အဒ္ဒသံ ခွါဟံ, ဘန္တေ, ဇာဏုဿောဏိံ ဗြာဟ္မဏံ သဗ္ဗသေတေန ဝဠဝါဘိရထေန သာဝတ္ထိယာ နိယျာယန္တံ။ သေတာ သုဒံ အဿာ ယုတ္တာ ဟောန္တိ သေတာလင်္ကာရာ, သေတော ရထော, သေတပရိဝါရော, သေတာ ရသ္မိယော, သေတာ ပတောဒလဋ္ဌိ, သေတံ ဆတ္တံ, သေတံ ဥဏှီသံ, သေတာနိ ဝတ္ထာနိ, သေတာ ဥပါဟနာ, သေတာယ သုဒံ ဝါလဗီဇနိယာ ဗီဇီယတိ။ တမေနံ ဇနော ဒိသွာ ဧဝမာဟ – ‘ဗြဟ္မံ ဝတ, ဘော, ယာနံ! ဗြဟ္မယာနရူပံ ဝတ, ဘော’တိ!! သက္ကာ နု ခေါ, ဘန္တေ, ဣမသ္မိံ ဓမ္မဝိနယေ ဗြဟ္မယာနံ ပညာပေတု’’န္တိ?

‘‘သက္ကာ, အာနန္ဒာ’’တိ ဘဂဝါ အဝေါစ – ‘‘ဣမဿေဝ ခေါ ဧတံ, အာနန္ဒ, အရိယဿ အဋ္ဌင်္ဂိကဿ မဂ္ဂဿ အဓိဝစနံ – ‘ဗြဟ္မယာနံ’ ဣတိပိ, ‘ဓမ္မယာနံ’ ဣတိပိ, ‘အနုတ္တရော သင်္ဂါမဝိဇယော’ ဣတိပီ’’တိ။

‘‘သမ္မာဒိဋ္ဌိ, အာနန္ဒ, ဘာဝိတာ ဗဟုလီကတာ ရာဂဝိနယပရိယောသာနာ ဟောတိ, ဒေါသဝိနယ- ပရိယောသာနာ ဟောတိ, မောဟဝိနယပရိယောသာနာ ဟောတိ။

သမ္မာသင်္ကပ္ပေါ, အာနန္ဒ, ဘာဝိတော ဗဟုလီကတော ရာဂဝိနယပရိယောသာနော ဟောတိ, ဒေါသဝိနယပရိယောသာနော ဟောတိ, မောဟဝိနယ- ပရိယောသာနော ဟောတိ။

သမ္မာဝါစာ, အာနန္ဒ, ဘာဝိတာ ဗဟုလီကတာ ရာဂဝိနယပရိယောသာနာ ဟောတိ, ဒေါသဝိနယ- ပရိယောသာနာ ဟောတိ, မောဟဝိနယပရိယောသာနာ ဟောတိ။

သမ္မာကမ္မန္တော, အာနန္ဒ, ဘာဝိတော ဗဟုလီကတော ရာဂဝိနယပရိယောသာနာ ဟောတိ, ဒေါသဝိနယ- ပရိယောသာနာ ဟောတိ, မောဟဝိနယပရိယောသာနာ ဟောတိ။

သမ္မာအာဇီဝေါ, အာနန္ဒ, ဘာဝိတော ဗဟုလီကတော ရာဂဝိနယပရိယောသာနာ ဟောတိ, ဒေါသဝိနယ- ပရိယောသာနာ ဟောတိ, မောဟဝိနယပရိယောသာနာ ဟောတိ။

သမ္မာဝါယာမော, အာနန္ဒ, ဘာဝိတော ဗဟုလီကတော ရာဂဝိနယပရိယောသာနာ ဟောတိ, ဒေါသဝိနယ- ပရိယောသာနာ ဟောတိ, မောဟဝိနယပရိယောသာနာ ဟောတိ။

သမ္မာသတိ, အာနန္ဒ, ဘာဝိတာ ဗဟုလီကတာ ရာဂဝိနယပရိယောသာနာ ဟောတိ, ဒေါသဝိနယပရိယောသာနာ ဟောတိ, မောဟဝိနယပရိယောသာနာ ဟောတိ။

သမ္မာသမာဓိ, အာနန္ဒ, ဘာဝိတော ဗဟုလီကတော ရာဂဝိနယပရိယောသာနာ ဟောတိ, ဒေါသဝိနယပရိယောသာနာ ဟောတိ, မောဟဝိနယပရိယောသာနာ ဟောတိ။


            ‘‘ဣမိနာ ခေါ ဧတံ, အာနန္ဒ, ပရိယာယေန ဝေဒိတဗ္ဗံ ယထာ ဣမဿေဝေတံ အရိယဿ အဋ္ဌင်္ဂိကဿ မဂ္ဂဿ အဓိဝစနံ – ‘ဗြဟ္မယာနံ’ ဣတိပိ, ‘ဓမ္မယာနံ’ ဣတိပိ, ‘အနုတ္တရော သင်္ဂါမဝိဇယော’ ဣတိပီ’’တိ။ ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –


         “ယဿ သဒ္ဓါ စ ပညာ စ, ဓမ္မာ ယုတ္တာ သဒါ ဓုရံ၊
         ဟိရီ ဤသာ မနော ယောတ္တံ, သတိ အာရက္ခသာရထိ။

         ရထော သီလပရိက္ခာရော, ဈာနက္ခော စက္ကဝီရိယော၊
         ဥပေက္ခာ ဓုရသမာဓိ, အနိစ္ဆာ ပရိဝါရဏံ။

         အဗျာပါဒေါ အဝိဟိံသာ, ဝိဝေကော ယဿ အာဝုဓံ၊
         တိတိက္ခာ စမ္မသန္နာဟော [ဝမ္မသန္နာဟော (သီ။)], ယောဂက္ခေမာယ ဝတ္တတိ။

         ဧတဒတ္တနိ သမ္ဘူတံ, ဗြဟ္မယာနံ အနုတ္တရံ၊
         နိယျန္တိ ဓီရာ လောကမှာ, အညဒတ္ထု ဇယံ ဇယ’’န္တိ။

 

နိဋ္ဌိတံ။

The Brahman Sutta of Zanutsana

The Brahman Sutta of Zanutsana 

Introduction to Thavatti

            Then in the morning the Venerable Sariputta, having prepared his robe, brought the bowl robe, and entered Savatthi for alms. The Venerable Arnanda saw the brahmin Zanusani coming out of Savatthi in an all-white chariot. The stallions are white; The chariots are white; The chariot is white; There is also a white surround. The cords are white; The rod is white; The umbrella is white; The girdle is white; The clothes are white; The shoes are white; He is made of white thread; Many people saw the train and said, “What a wonderful train! It is like a Brahmin vehicle.”

            Then the Venerable Arnanda, wandering from Savatthi, after giving alms, departed from the almshouse, approached the Blessed One, sat down to one side, paid homage to the Blessed One, and addressed the Blessed One:

            This morning, Venerable Sir, I put on my robe, took my bowl robe, and went to Savatthi for alms. “Venerable Sir, I saw the brahmin Zanusani coming out of Savatthi in a chariot of all white horses. The stallions are white; The chariots are white; The chariot is white. There is also a white background. The cords are white; The rod is white; The umbrella is white. The robe is white. The clothes are white; The shoes are white; I sewed it with white thread. Many people saw the train and said, “What a wonderful train! You are like a Brahmin vehicle. ” In this Dhamma and Discipline, Venerable Sir, is it possible to enjoin the Brahman vehicle? ”

            The Blessed One said, “Arnanda is capable." This is the name Arnanda Brahman. This is the name of the Dhamma vehicle. This is the name of the Noble Eightfold Path, the vehicle that can win the battle without imitation.

Arnanda: When “Right View” is cultivated and practiced many times, the cessation of lust or craving has an end. There is an end with the abolition of anger. There is an end with the abolition of ignorance.

Arnanda: When “Right Thought” is cultivated and practiced many times, the cessation of lust or craving has an end. There is an end with the abolition of anger. There is an end with the abolition of ignorance.

Arnanda: When “Right Speech” is cultivated and practiced many times, the cessation of lust or craving has an end. There is an end with the abolition of anger. There is an end with the abolition of ignorance.

Arnanda: When “Right Action” is cultivated and practiced many times, the cessation of lust or craving has an end. There is an end with the abolition of anger. There is an end with the abolition of ignorance.

Arnanda: When “Right Livelihood” is cultivated and practiced many times, the cessation of lust or craving has an end. There is an end with the abolition of anger. There is an end with the abolition of ignorance.

Arnanda: When “Right Effort” is cultivated and practiced many times, the cessation of lust or craving has an end. There is an end with the abolition of anger. There is an end with the abolition of ignorance.

Arnanda: When “Right Mindfulness” is cultivated and practiced many times, the cessation of lust or craving has an end. There is an end with the abolition of anger. There is an end with the abolition of ignorance.

Arnanda: When “Right Concentration” is cultivated and practiced many times, the cessation of lust or craving has an end. There is an end with the abolition of anger. There is an end with the abolition of ignorance.

Arnanda; This is the name Brahman. This is also called Dhammayana. This is the name given to the Noble Eightfold Path, the name of the vehicle that can win the battle without lust, and the name of the Noble Eightfold Path. The Blessed One, who speaks well, has spoken this Dhamma and then recited these verses:

“The Magga-chariot, on which the two teachings of faith and wisdom are always attached to the yoke of equanimity. Shame is the sound of a train; The mind of Vipassana is bound. 'Mindfulness' keeps the chariot guarded.

The chariot has an instrument called virtuous behavior or morality. There is the axis of jhana. There is a wheel called viriya. Evemindedness stabilizes the head of a chariot. Anit-craving is a shield.

The desire for non-destruction “Abyapada”, the non-violence “Avihinsa”, the tranquility “Viveka” are the weapons of one who dwells in the Magen chariot. Patience is an armor; He who is in the chariot of Magga looks forward to the end of yoga.

The wise, after riding on that magnificent chariot, which is innate in their minds, have truly conquered all victories and escaped from the world. 

THE END.

ဇာဏုဿောဏိဗြာဟ္မဏသုတ်

 

သံယုတ္တနိကာယ်

မဟာဝဂ္ဂသံယုတ်ပါဠိတော်

 မဂ္ဂသံယုတ်၊ အဝိဇ္ဇာဝဂ်

ဇာဏုဿောဏိဗြာဟ္မဏသုတ္တံ



ဇာဏုဿောဏိဗြာဟ္မဏသုတ်(မြန်မာပြန်)

သာဝတ္ထိနိဒါန်း

            ထိုအခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏။ အသျှင်အာနန္ဒာသည် အလုံးစုံဖြူသော မြင်းမကသော ရထားဖြင့် သာဝတ္ထိပြည်မှ ထွက်လာသော ဇာဏုဿောဏိပုဏ္ဏားကို မြင်လေ၏။ ကထားသောမြင်းမတို့ သည်လည်း ဖြူကုန်၏၊ ရထားတန်ဆာတို့သည်လည်း ဖြူကုန်၏၊ ရထားသည်လည်း ဖြူ၏၊ ဖြူသော အခြံအရံလည်း ရှိ၏၊ ဇက်ကြိုးတို့သည်လည်း ဖြူကုန်၏၊ နှင်တံသည်လည်း ဖြူ၏၊ ထီးသည်လည်း ဖြူ၏၊ သင်းကျစ်သည်လည်း ဖြူ၏၊ အဝတ်တို့သည်လည်း ဖြူကုန်၏၊ ဖိနပ်တို့သည်လည်း ဖြူကုန်၏၊ ဖြူသော သားမြီးယပ်ဖြင့် ယပ်ခပ်စေ၏၊ လူအများသည် ထိုရထားကို တွေ့မြင်ကြ၍ ''အချင်းတို့ ရထားသည် ကောင်းမြတ်လှပေစွတကား၊ အချင်းတို့ ဗြဟ္မယာဉ်နှင့် တူပေစွတကား''ဟု ပြောဆို၏။

            ထိုအခါ အသျှင်အာနန္ဒာသည် သာဝတ္ထိပြည်မှ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းစားရာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-

            အသျှင်ဘုရား အကျွန်ုပ်သည် ဤနေ့နံနက်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အလုံးစုံဖြူသော မြင်းမ ကသောရထားဖြင့် သာဝတ္ထိပြည်မှ ထွက်လာသော ဇာဏုဿောဏိပုဏ္ဏားကို တွေ့မြင်ခဲ့ပါ၏။ ကထားသော မြင်းမတို့သည်လည်း ဖြူပါကုန်၏၊ ရထားတန်ဆာတို့သည်လည်း ဖြူပါကုန်၏၊ ရထားသည်လည်း ဖြူပါ၏၊ ဖြူသောအခြံအရံလည်း ရှိပါ၏၊ ဇက်ကြိုးတို့သည်လည်း ဖြူပါကုန်၏၊ နှင်တံသည်လည်း ဖြူပါ၏၊ ထီးသည်လည်း ဖြူပါ၏၊ သင်းကျစ်သည်လည်း ဖြူပါ၏၊ အဝတ်တို့သည်လည်း ဖြူပါကုန်၏၊ ဖိနပ်တို့သည်လည်း ဖြူပါကုန်၏၊ ဖြူသော သားမြီးယပ်ဖြင့် ယပ်ခပ်စေပါ၏၊ လူအများသည် ထိုရထားကို တွေ့မြင်ကြ၍ ''အချင်းတို့ ရထားသည် ကောင်းမြတ်လှပေစွတကား၊ အချင်းတို့ ဗြဟ္မယာဉ်နှင့် တူပေစွတကား''ဟုပြောဆိုပါကုန်၏။ အသျှင်ဘုရား ဤသာသနာတော်၌ ဗြဟ္မယာဉ်ကို ပညတ်ခြင်းငှါ စွမ်းနိုင်ပါမည်လောဟုလျှောက်၏။

            ''အာနန္ဒာ စွမ်းနိုင်၏''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ အာနန္ဒာ ဗြဟ္မယာဉ်ဟူသော ဤအမည်သည်လည်းကောင်း၊ ဓမ္မယာဉ်ဟူသော ဤအမည်သည်လည်းကောင်း၊ အတုမရှိမူ၍ (ကိလေသာ) စစ်ပွဲ၌ အောင်မြင်နိုင်သော ယာဉ်ဟူသော ဤအမည်သည်လည်းကောင်း အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၏ အမည်သာဖြစ်၏။

အာနန္ဒာ မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ'ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ မှန်ကန်သောအကြံ 'သမ္မာသင်္ကပ္ပ'ကိုပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိ၏။

အာနန္ဒာ မှန်ကန်သော စကား 'သမ္မာဝါစာ'ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော်စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိ၏၊ တွေဝေမှု 'မောဟ' ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ မှန်ကန်သောအလုပ် 'သမ္မာကမ္မန္တ'ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက် ထွက်မှု 'ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံး ရှိ၏။

အာနန္ဒာ မှန်ကန်သောအသက်မွေးမှု 'သမ္မာအာဇီဝ'ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံး ရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ မှန်ကန်သောအားထုတ်မှု 'သမ္မာဝါယာမ'ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'ကို ပွားများသော် ကြိမ်ဖန်များစွာပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ' ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ မှန်ကန်သော အောက်မေ့မှု 'သမ္မာသမာဓိ'ကို ပွားများသော် ကြိမ်ဖန်များစွာပြုလုပ်သော် စွဲမက်မှု 'ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု 'ဒေါသ' ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု 'မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ ဗြဟ္မယာဉ်ဟူသော ဤအမည်သည်လည်းကောင်း၊ ဓမ္မယာဉ်ဟူသော ဤအမည်သည်လည်း ကောင်း၊ အတုမရှိမူ၍ (ကိလေသာ)စစ်ပွဲ၌ အောင်မြင်နိုင်သော ယာဉ်ဟူသော ဤအမည်သည်လည်းကောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်၏ အမည်သာတည်းဟူသော ဤစကားကိုဤဆိုခဲ့ပြီးသောအကြောင်းဖြင့် သိအပ် ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားပြီး၍ ထိုမှတစ်ပါး ဤဂါထာများကို ဟောတော်မူ၏-

''အကြင်မဂ္ဂင်ရထားအား သဒ္ဓါနှင့် ပညာ တရားနှစ်ပါးတို့ကို အခါခပ်သိမ်း (ဥပေက္ခာဟူသော) ထမ်းပိုး ၌ ကအပ်ကုန်၏၊ ရှက်မှု 'ဟိရီ' သည် ရထားသံမည်၏၊ ဝိပဿနာစိတ် (မဂ်စိတ်) သည်ဇက်ကြိုးမည်၏၊ အောက်မေ့မှု 'သတိ'သည် စောင့်ရှောက်သော ရထားထိန်းမည်၏။

(မဂ္ဂင်)ရထားသည် သီလတည်းဟူသော တန်ဆာရှိ၏၊ ဈာန်တည်းဟူသော ဝင်ရိုး ရှိ၏၊ ဝီရိယ တည်းဟူသော ဘီးရှိ၏၊ ဥပေက္ခာသည် ရထားဦးကို တည်ငြိမ်စေ၏၊ အလောဘသည် အကာအရံဖြစ်ပေ၏။

     မပျက်စီးစေလိုမှု 'အဗျာပါဒ' မညှဉ်းဆဲလိုမှု 'အဝိဟိံသာ' ဆိတ်ငြိမ်မှု 'ဝိဝေက'သည် အကြင်မဂ္ဂင် ရထား၌တည်သူ၏ လက်နက်မည်၏၊ သည်းခံခြင်းသည် ချပ်ဝတ်တန်ဆာ မည်၏၊ ထိုမဂ္ဂင်ရထား၌ တည်သူ သည် ယောဂ၏ကုန်ရာ(နိဗ္ဗာန်)သို့ ရှေးရှု သွား၏။

ပညာရှိတို့သည် မိမိသန္တာန်၌ ဖြစ်ပေါ်လာသောအတုမရှိသော ထိုဗြဟ္မယာဉ်တည်းဟူသော မဂ္ဂင် ရထားကို(တက်စီးကြပြီးလျှင်) အောင်ပွဲမှန်သမျှကို စင်စစ်အောင်မြင်ကြ၍ လောကမှထွက်မြောက်ကြ ကုန်၏''ဟု(မိန့်တော်မူ၏)။

နိဋ္ဌိတံ။



15 October 2021

ကြက်သီးထဖွယ် ယသောဓရာလျှောက်ထုံး



 ယသောဓရာထေရီအပဒါန်

    အခါတစ်ပါး လူတို့၏အကြီးအမှူးဖြစ်သော မြတ်စွာဘုရားသည် နှလုံးမွေ့လျော်ဖွယ်ရှိသော ပြည့်စုံ ကြွယ်ဝသော ရာဇဂြိုဟ်ပြည်တွင် မြတ်သော တောင်ဝှမ်းတစ်ခု၌ (သီတင်းသုံး) နေတော်မူသည်ရှိသော်-

    နှလုံးမွေ့လျော်ဖွယ်ရှိသော ထိုရာဇဂြိုဟ်ပြည် ဘိက္ခုနီမတို့၏ကျောင်း၌ (သီတင်းသုံး)နေသော ယသောဓရာရဟန်းမအား ဤသို့အကြံအစည်သည် ဖြစ်၏။

    သုဒ္ဓေါဒနမင်းကြီးသည်လည်းကောင်း၊ မဟာပဇာပတိဂေါတမီသည်လည်းကောင်း၊ ကျော်စောထင်ရှား ကုန်သော မဟာထေရ်တို့သည်လည်းကောင်း၊ ကြီးသောတန်ခိုးရှိကုန်သော ထေရီမတို့သည်လည်းကောင်း-

    ထိုသုဒ္ဓေါဒနမင်းစသည်တို့သည် အာသဝကင်းကုန်သည်ဖြစ်၍ 'ဆီမီးလျှံတို့ကဲ့သို့' ငြိမ်းအေးရာနိဗ္ဗာန် သို့ ကြွသွားကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ငါသည်လည်း မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်သာလျှင် ငြိမ်းအေးရာ နိဗ္ဗာန်သို့-

    သွားအံ့ဟုကြံစည်၍ မိမိ၏အသက်ကို ကြည့်ရှုလတ်သော် ထိုနေ့၌ပင်လျှင် ကုန်ခန်းခြင်းသို့ရောက် လတ္တံ့ဟူသော အာယုသင်္ခါရကို မြင်၍-

    ကြီးမားသောတန်ခိုး, ကြီးမားသောပညာရှိသော ထိုယသောဓရာသည် မိမိ၏သင်္ခမ်းကျောင်းမှ ထွက်၍ သပိတ်သင်္ကန်းကိုယူပြီးလျှင် ရဟန်းမတစ်သိန်းတို့ဖြင့်ခြံရံလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်၏။ မြတ်စွာဘုရား ကို ရိုသေစွာရှိခိုး၍ မြတ်စွာဘုရား၏ စက်လက္ခဏာရှိသောခြေတော်၏အနီး သင့်လျော်ရာအရပ်၌ထိုင်လျက် ဤစကားကို လျှောက်ထား၏-

    မြတ်စွာဘုရား လျှောက်ထားပါ၏၊ အကျွန်ုပ်သည် ခုနစ်ဆယ့်ရှစ်နှစ်ရှိ၍ နောက်ဆုံးအရွယ်ဖြစ်ပါ၏၊ ကုန်းကိုင်းသော 'ပဗ္ဘာရဒသက' အရွယ်သို့ ဆိုက်ရောက်ပါပြီ။

    အကျွန်ုပ်၏ အရွယ်သည် ကြီးရင့်လှပါပြီ၊ အကျွန်ုပ်၏ အသက်သည် နည်းလှပါပြီ၊ အရှင်တို့ကို စွန့်၍ သွားရတော့အံ့၊ အကျွန်ုပ်သည် မိမိကိုယ်၏ ကိုးကွယ်ရာကို ပြုချိန်တန်ပါပြီ။

    နောက်ဆုံးဖြစ်သော အချိန်အရွယ်၌ သေခြင်းတရားသည် နှိပ်စက်၏၊ မြတ်စွာဘုရား ယနေ့ညဉ့်၌ပင် နိဗ္ဗာန်သို့ ရောက်ရတော့အံ့။

    မြတ်စွာဘုရား အကြင်နိဗ္ဗာန်၌ ပဋိသန္ဓေနေခြင်း, ရင့်(အို)ခြင်း, နာခြင်း, သေခြင်းတရားသည်မရှိ၊ အိုခြင်း, သေခြင်း, ပြုစီရင်ခြင်း မရှိသော ထိုနိဗ္ဗာန်မြို့သို့ သွားရပါတော့အံ့။

    အကြင်မျှလောက်ကုန်သော ပရိသတ်တို့သည် မြတ်စွာဘုရားအားဆည်းကပ်၍ အပြစ်ကိုသိကုန်၏၊ ထိုအပြစ်ကို မြတ်စွာဘုရား၏ မျက်မှောက်၌ သည်းခံကြပါကုန်။

    သံသရာ၌ ကျင်လည်၍လည်း အရှင်ဘုရား၌ အကျွန်ုပ်၏ချွတ်ချော်မှုသည် အကယ်၍ ရှိပါအံ့၊ မြတ်စွာဘုရား လျှောက်ကြားပါ၏၊ အကျွန်ုပ်၏ အပြစ်ကို သည်းခံတော်မူပါ (ဟု ဤစကားကိုလျှောက်ဆို၏)။

    မြတ်စွာဘုရားသည် ထိုယသောဓရာထေရီ၏စကားကို ကြားနာရ၍ ဤစကားကိုမိန့်တော်မူ၏-ပရိနိဗ္ဗာန်စံယူခြင်းငှါ သွားတော့မည့်ဆဲဆဲဖြစ်သောသင့်အား အဘယ်မှာ အတုံ့အပြန်ပြောရပါတော့အံ့နည်း။

    ငါ၏အဆုံးအမကို လိုက်နာသောယသောဓရာ တန်ခိုးကိုလည်း ပြဦးလော့၊ အကြင်မျှလောက် ပရိသတ်အားလုံးတို့၏ ယုံမှားခြင်းကိုလည်း ဖြတ်တောက်ခဲ့ဦးလော့ (ဟု မိန့်တော်မူ၏)။

    ထိုယသောဓရာဘိက္ခုနီမသည် မြတ်စွာဘုရား၏ ထိုစကားတော်ကိုကြားနာ၍ ထိုမြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဤစကားကို လျှောက်ထား၏-

    မြတ်စွာဘုရား အကျွန်ုပ်ယသောဓရာသည် နန်းအိမ်တော်၌စံနေစဉ်အခါ အရှင်ဘုရား၏ ကြင်ရာ တော်ပါတည်း၊ သာကီဝင်မင်းမျိုး၌ဖြစ်၍ မိန်းမမြတ်တို့၏ ကြန်အင်လက္ခဏာ၌ တည်ပါ၏။

    မြတ်စွာဘုရား အကျွန်ုပ်သည် အရှင်၏နန်းအိမ်တော်၌ မိန်းမကိုးသန်းခြောက်သိန်းတို့၏ အကြီး အမှူးပါတည်း၊ မိန်းမအားလုံးတို့ကို အစိုးရသူပါတည်း။

    ရုပ်အဆင်း အကျင့်ဂုဏ်နှင့် ပြည့်စုံကုန်သောအရွယ်၌တည်ကုန်သော ချစ်ဖွယ်သောစကားကို ဆို တတ်ကုန်သော မောင်းမအားလုံးတို့သည် 'လူတို့သည် နတ်တို့ကို ရိုသေကုန်သကဲ့သို့' အကျွန်ုပ်ကို (အခါ ခပ်သိမ်း) ရိုသေကြပါကုန်၏။

    သာကီဝင်မင်းသား၏ နန်းအိမ်တော်၌ သတို့သမီးတစ်သိန်းတို့၏ အကြီးအမှူးဖြစ်၍ 'နန္ဒဝန်ဥယျာဉ်၌ နတ်တို့ကဲ့သို့' တူမျှသော ချမ်းသာဆင်းရဲရှိလျက် (ပျော်မွေ့ခဲ့ပါ၏)။

    (မြတ်စွာဘုရား) အကျွန်ုပ်သည် ရုပ်အဆင်းအရာ၌ ကာမဘုံကို ကျော်လွန်၍တည်ပါ၏၊ မြတ်စွာ ဘုရားကို ချန်ထား၍ အကျွန်ုပ်၏ရုပ်အဆင်းနှင့် တူသူမရှိပါဘုရား (ဟု လျှောက်ထား၏)။

    မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီးလျှင် မြတ်စွာဘုရားအား တန်ခိုးကိုပြလေ၏၊ တစ်ပါးမက အထူးထူး အပြားပြားသော ကြီးသောတန်ခိုးတို့ကိုလည်း ပြ၏။

    ကိုယ်သည် စကြဝဠာမျှလောက် ရှိ၏၊ ဦးခေါင်းသည် မြောက်ကျွန်းမျှလောက် ရှိ၏၊ အတောင်နှစ်ဖက် တို့သည် (အရှေ့, အနောက်)နှစ်ကျွန်းမျှလောက် ရှိကုန်၏၊ ကိုယ်အားဖြင့် ဇမ္ဗုဒီပါကျွန်းမျှလောက် ရှိ၏။

    မြီးစည်းသည် တောင်သမုဒ္ဒရာမျှလောက် ရှိ၏၊ ထိုမှတစ်ပါး အတောင်ပံတို့သည်ကား အသီးအသီး သော အခက်နှင့်တူကုန်၏၊ မျက်စိသည် လ, နေမျှလောက် ရှိ၏၊ ဦးစွန်းသည် မြင်းမိုရ်တောင်မျှလောက်ရှိ၏။

    နှုတ်သီးသည် စကြဝဠာတောင်မျှလောက် ရှိ၏၊ ဇမ္ဗုသပြေပင်ကို အမြစ်အရင်းနှင့်တကွနုတ်၍ ယပ် ခတ်ကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက်ပင် ဆင်အသွင်ကိုလည်းကောင်း၊ ထို့အတူပင် မြင်းအသွင်, တောင်အသွင်, သမုဒ္ဒရာအသွင်ကိုလည်းကောင်း၊ ထိုမှတစ်ပါး လနေအသွင်, မြင်းမိုရ်တောင်အသွင်, သိကြား မင်းအသွင်ကိုလည်းကောင်း ဖန်ဆင်းပြလေ၏။

    လုံ့လရှိတော်မူသောမြတ်စွာဘုရား အကျွန်ုပ်ယသောဓရာပါတည်း၊ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာ ဘုရား အရှင်ဘုရား၏ခြေတော်တို့ကို ရှိခိုးပါ၏၊ လောကဓာတ်တစ်ထောင်တို့ကို ပဒုမ္မာကြာပွင့်ဖြင့် ဖုံးအုပ်ခဲ့ ပါ၏။

    လုံ့လရှိတော်မူသောမြတ်စွာဘုရား အကျွန်ုပ်ယသောဓရာပါတည်း၊ အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏၊ ဗြဟ္မာအသွင်ကိုလည်းဖန်ဆင်း၍ သင်္ခါရတို့မှဆိတ်သုဉ်းသော 'သုညတ'နိဗ္ဗာန်တရားကို ဟောပြခဲ့ ပါ၏။    စက္ခုငါးမျိုးရှိတော်မူသောမြတ်စွာဘုရား ဣဒ္ဓိဝိဓ(အဘိညာဉ်)တို့၌လည်း လေ့လာပြီးဖြစ်ပါ၏။ ဒိဗ္ဗ သောတဓာတ်အဘိညာဉ်၌လည်းကောင်း၊ စေတောပရိယဉာဏ်၌လည်းကောင်း လေ့လာပြီးဖြစ်ပါ၏။

    ရှေး၌နေဖူးသောခန္ဓာအစဉ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို သုတ်သင်အပ်ပြီ၊ အလုံးစုံသော အာသဝတို့ ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန်ဖြစ်ခြင်းမရှိတော့ပါ။

    ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အထံ၌ အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း အသိဉာဏ်သည် အကျွန်ုပ် အား ဖြစ်ပေါ်ခဲ့ပါကုန်၏။

    ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား လောက၏ ကိုးကွယ်ရာဖြစ်သော ရှေးမြတ်စွာဘုရားတို့ (အထံ၌) ပေါင်းဆုံမိခြင်းကို အရှင်ဘုရားသည် ပြအပ်ပါပြီ၊ အရှင်ဘုရား၏အကျိုးငှါ ဆုတောင်းခြင်းသည် အကျွန်ုပ်အား များပြားလှပါ၏။

    မြတ်စွာဘုရား ကုသိုလ်ဖြစ်သောအကြင်ကံကို အကျွန်ုပ်သည် ဖြည့်ကျင့်ဆည်းပူးအပ်ပြီ၊ ထိုကုသိုလ် ကံကို အောက်မေ့တော်မူပါလော့၊ ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ ကောင်းမှုကို အကျွန်ုပ်သည် ဆည်းပူးအပ်ပါပြီ။

    ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား အကျွန်ုပ်သည် မလျောက်ပတ်သောအရာတို့ကိုကြဉ်၍ မကျင့်အပ်သည်ကိုတားမြစ်၍ အရှင်ဘုရား၏အကျိုးငှါ အကျွန်ုပ်သည် အသက်ကို ကောင်းစွာစွန့်လွှတ်အပ် ပါ၏။

    ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား ကုဋေအထောင်မကသောဘဝတို့ပတ်လုံး သူတစ်ပါးအား မယားပြုရန်အကျိုးငှါ အကျွန်ုပ်ကိုလှူခဲ့ပါ၏၊ ထိုသို့လှူရာ၌ အရှင်ဘုရား၏ အကျိုးငှါ စိတ်ဖောက်ပြန်ခြင်း သည် မဖြစ်ခဲ့ပါ။

    ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား ကုဋေအထောင်မကသောဘဝတို့ပတ်လုံး သဗ္ဗညုတ ဉာဏ်၏ အထောက်အပံ့အကျိုးငှါ အကျွန်ုပ်ကို ပေးလှူခဲ့ပါ၏၊ ထိုသို့ပေးလှူရာ၌ အရှင်ဘုရား၏ အကျိုးငှါ စိတ်ဖောက်ပြန်ခြင်းသည် မဖြစ်ခဲ့ပါ။

    ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား ကုဋေအထောင်မကသောဘဝတို့ပတ်လုံး အကျွန်ုပ်ကို အစားအစာအကျိုးငှါ ပေးလှူခဲ့ပါ၏၊ ထိုသို့ပေးလှူရာ၌ အရှင်ဘုရား၏ အကျိုးငှါ စိတ်ဖောက်ပြန်ခြင်းသည် မဖြစ်ခဲ့ပါ။

    အကျွန်ုပ်သည် ကုဋေအထောင်မကသောဘဝတို့ပတ်လုံး အသက်တို့ကို စွန့်လွှတ်ခဲ့ပါ၏၊ ဘေးမှ လွတ်မြောက်ခြင်းကိုပြုအံ့ဟု အကျွန်ုပ်၏အသက်ကို စွန့်လွှတ်ခဲ့ပါ၏။

    ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ ကိုယ်အင်္ဂါတို့ကိုလည်းကောင်း၊ တန်ဆာဆင်အပ်ကုန်သော အဝတ်အမျိုးမျိုးတို့ကိုလည်ကောင်း၊ များစွာသောမိန်းမတန်ဆာတို့ကိုလည်း ကောင်း မလျှို့ဝှက်ပါ။

    ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ ဥစ္စာစပါးကိုလည်း စွန့်ခဲ့ပါပြီ၊ ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကိုလည်းကောင်း၊ လယ်ယာကိုလည်းကောင်း၊ သားတို့ကိုလည်းကောင်း၊ သမီးတို့ကိုလည်းကောင်း စွန့်လွှတ်ခဲ့ပါပြီ။

    ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ စွန့်လွှတ်ခဲ့ရကုန်သော ဆင်, မြင်း, နွားတို့သည်လည်းကောင်း၊ အလုပ်အကျွေးကျွန်မတို့သည်လည်းကောင်း မရေတွက်နိုင်ပါကုန်။

    တောင်းတတ်သူတို့ကို အကြင်အလှူကိုလှူအံ့ဟု အကျွန်ုပ်အားတိုင်ပင်၏၊ ထိုအလှူမြတ်ကို လှူခြင်း ကြောင့် အကျွန်ုပ်၏စိတ်ဖောက်ပြန်ခြင်းကို မမြင်ဖူးပါ။

 ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ များပြားလှစွာသံသရာ၌လည်း အထူးထူးအပြားပြား များစွာသောဆင်းရဲကို ခံစားခဲ့ခြင်းသည် မရေတွက်နိုင်ပါ။

    ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ ချမ်းသာခြင်းသို့ ရောက်လတ် သော် ဝမ်းမြောက်ပါ၏၊ ဆင်းရဲမှုတို့ကြောင့်ကား စိတ်မချမ်းသာခြင်း မဖြစ်ခဲ့ပါ၊ အလုံးစုံသောချမ်းသာ, ဆင်းရဲ တို့၌ ချိန်သဖွယ် (တူမျှ)သည် ဖြစ်ပါ၏။

    ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား မြတ်စွာဘုရားသည် သင့်လျော်သော အကြောင်းဖြင့် အကြင်အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တရားကို ရှေးရှုဆောင်၏၊ ချမ်းသာ,ဆင်းရဲကိုခံစား၍ ထို သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်တော်မူ၏။

  ဗြဟ္မဒေဝမြတ်စွာဘုရားကိုလည်းကောင်း၊ (ပေါရာဏ)ဂေါတမမြတ်စွာဘုရားကိုလည်းကောင်း (ဖူး မြင်ဆုတောင်းခဲ့၍) တစ်ပါးကုန်သော မြတ်စွာဘုရားတို့၏အထံတော်၌ အကျွန်ုပ်နှင့်အရှင်ဘုရား၏ ပေါင်းဆုံ ရခြင်းသည် များလှပါပြီ။

   ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏အကျိုးငှါ ဆုတောင်းခြင်းသည် အကျွန်ုပ် အား များလှပါ၏၊ အကျွန်ုပ်သည် ဘုရားဖြစ်ကြောင်းတရားတို့ကိုရှာဖွေသောအရှင်ဘုရား၏ အလုပ်အကျွေး ပါတည်း။

    လေးအသင်္ချေတို့ကိုလည်းကောင်း၊ ကမ္ဘာတစ်သိန်းတို့ကိုလည်းကောင်း လွန်၍ လောက၏ရှေ့သွား ခေါင်းဆောင်ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် ပွင့်တော်မူခဲ့ပါ၏။

    မြို့စွန်မြို့ဖျားဖြစ်သောအရပ်ဒေသ၌ မြတ်စွာဘုရားကိုပင့်ဖိတ်ပြီးလျှင် ထိုဒီပင်္ကရာမြတ်စွာဘုရား ကြွ လာရာဖြစ်သောလမ်းကို နှစ်သက်သောစိတ်ရှိကြကုန်သည်ဖြစ်၍ သုတ်သင်ကြကုန်၏။ထိုအခါ ထိုအရှင်ဘုရားသည် ''သုမေဓာ''အမည်ရှိသော ပုဏ္ဏားဖြစ်၏၊ ကြွလာသော ဒီပင်္ကရာ မြတ်စွာဘုရား၏ လမ်းခရီးကိုလည်း သုတ်သင်စီရင်၏။

    ထိုအခါ အကျွန်ုပ်သည် ပုဏ္ဏားအမျိုး၌ဖြစ်၍ အမည်အားဖြင့် ''သုမိတ္တာ''ဟု ထင်ရှားသောအမျိုးသမီး ဖြစ်၏၊ (ရမ္မာဝတီ)ပြည်သူတို့ အစည်းအဝေးသို့ ချဉ်းကပ်ခဲ့၏။

    ဒီပင်္ကရာမြတ်စွာဘုရားအား ပူဇော်ခြင်းအကျိုးငှါ ကြာရှစ်ခိုင်တို့ကိုယူခဲ့ပြီးသော် လူတို့အလယ်၌ ထင်ရှားသော သုမေဓာရသေ့ကို ဖူးမြင်ရ၏။

    ကြာမြင့်စွာသောကာလပတ်လုံး အစဉ်လိုက်သော ချစ်ကြင်နာခဲ့သော အလွန်နှစ်သက်ဖွယ်ဖြစ်၍ စိတ်နှလုံးကိုဆွဲဆောင်နိုင်သောရသေ့ကို ဖူးမြင်ရ၍ ထိုအခါ ငါ၏အသက်ရှင်ခြင်းသည် အကျိုးရှိလေစွဟု အောက်မေ့ထင်မှတ်ခဲ့၏။

    ထိုအခါငါသည် ရသေ့၏ မိမိအကျိုးကိုအားထုတ်သည်ကို မြင်၏၊ ငါ၏စိတ်သည် ရှေးကံကြောင့် မြတ်စွာဘုရား၌လည်း ကြည်ညို၏။

    တက်ကြွသောစိတ်ရှိသောရသေ့၌ လွန်စွာစိတ်ကိုကြည်ညိုစေ၏၊ အရှင်ရသေ့ အရှင့်အားပေးလှူရန် အခြားတစ်ပါးသောလှူဖွယ်ကိုမမြင်ပါ၊ အရှင့်အား ပန်းတို့ကိုလှူပါ၏။

    အရှင်ရသေ့ ကြာငါးခိုင်တို့သည် အရှင်ရသေ့အားဖြစ်ပါစေကုန်၊ ကြာသုံးခိုင်တို့သည် အကျွန်ုပ်အား ဖြစ်ပါစေကုန်၊ အရှင်ရသေ့ အရှင်၏သမ္မာသမ္ဗောဓိဉာဏ်အကျိုးငှါ ထိုအရှင်ရသေ့နှင့်အတူတကွ ပေါင်းဆုံမိ ခြင်း ဖြစ်ပါစေကုန်။

လေးခုမြောက် ဘာဏဝါရ ပြီး၏။



    သုမေဓာရသေ့မြတ်သည် သမ္မာသမ္ဗောဓိဉာဏ်အကျိုးငှါ ပန်းတို့ကိုယူ၍ ကြွလာသောအမြတ်ဆုံး ရသေ့ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားကို လူတို့အလယ်၌ ပူဇော်လေ၏။

    ကြီးမြတ်သောလုံ့လရှိတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် တက်ကြွသောစိတ်ရှိသောရသေ့ကို မြင်၍ လူတို့အလယ်၌ ဗျာဒိတ်စကား ကြားတော်မူ၏-

    ရဟန်းမြတ်ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် ဤကမ္ဘာမှ မရေတွက်နိုင်သော လေး အသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ အကျွန်ုပ်၏ ဖြောင့်စွာဖြစ်သော ကောင်းမှုကံကို (ဤသို့) ဗျာဒိတ်စကား ကြားတော်မူ၏။ -
    ရသေ့မြတ် ဤသတို့သမီးသည် သင့်အကျိုးငှါ တူမျှသောစိတ်ရှိသည် တူမျှသောကောင်းမှုကံရှိသည် တူမျှသောအမှုကိစ္စကိုပြုလေ့ရှိသည် ဖြစ်လတ္တံ့၊ ကာယကံ, ဝစီကံ အားဖြင့်ချစ်အပ်သူ ဖြစ်လတ္တံ။

    ဤသတို့သမီးသည် ရှုချင်စဖွယ်ရှိသူ, ချစ်ဖွယ်ရှိသူ, စိတ်နှလုံးကိုပွါးစေတတ်သူ, ချစ်ဖွယ်ကိုပြောဆို လေ့ရှိသူဖြစ်၍ ထိုမြတ်စွာဘုရား၏တရားတို့၌ အမွေခံသူ, တန်ခိုးကြီးသူဖြစ်၍ နေလတ္တံ့။

    အရှင်၏ဘဏ္ဍာကြုတ်ကို အစဉ်စောင့်ရှောက်သကဲ့သို့ ဤအတူ ဤသတို့သမီးသည် ကုသိုလ်တရား တို့ကို အစဉ်စောင့်ရှောက်လတ္တံ့။

    ထိုသင့်အား အစဉ်စောင့်ရှောက်လျက် ပါရမီတို့ကိုဖြည့်လတ္တံ့၊ 'ခြင်္သေ့သည် နှောင်အိမ်ချိုင့်ကို ဖျက်ဆီး ၍သွားသကဲ့သို့' (သာဝက)ဗောဓိဉာဏ်သို့ရောက်လတ္တံ့ (ဟုမိန့်ကြားတော်မူပါ၏)။

    ဤဘဒ္ဒကမ္ဘာမှ မရေမတွက်နိုင်သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်၌ ဒီပင်္ကရာမြတ်စွာ ဘုရားသည် အကျွန်ုပ်ကို အကြင်ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ အကျွန်ုပ်သည် ထိုစကားကို ဝမ်းမြောက် လျက် ဤသို့မိန့်ကြားဗျာဒိတ်စကားအတိုင်း ပြုလေ့ရှိသူဖြစ်ခဲ့ပါ၏။

    အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၌ စိတ်ကိုကြည်ညိုစေခဲ့၏၊ ကောင်းစွာပြုအပ်သော ထိုကံ၏အစွမ်း ကြောင့် မရေတွက်နိုင်သော နတ်ပြည်,လူ့ပြည်၌ဖြစ်သော ကိုယ်ခန္ဓာကို ခံစားပြီး၍-

    အကျွန်ုပ်သည် နတ်ပြည်တို့၌လည်းကောင်း၊ လူ့ပြည်တို့၌လည်းကောင်း ချမ်းသာဆင်းရဲတို့ကို ခံစား ပြီးလျှင် နောက်ဆုံးဖြစ်သောဘဝသို့ရောက်လတ်သော် သာကီဝင်မင်းမျိုး၌ဖြစ်ခဲ့ပါ၏။

    အကျွန်ုပ်သည် ရုပ်အဆင်းလှသူ, စည်းစိမ်ဥစ္စာရှိသူ, အခြံအရံများသူ, သီလရှိသူ, ထိုမှတစ်ပါးအလုံးစုံ ကိုယ်အင်္ဂါနှင့်ပြည့်စုံသူ, အမျိုးတို့၌အပူဇော်ခံရသူ ဖြစ်ပေ၏။

    လာဘ်ကိုလည်းကောင်း၊ အခြံအရံအကျော်အစောကိုလည်းကောင်း၊ ပူဇော်သက္ကာရကိုလည်းကောင်း ရ၏။ လောကဓံတရားနှင့်တွေ့ကြုံရသော်လည်း အကျွန်ုပ်အား စိတ်ဆင်းရဲခြင်းမရှိပေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဘေးမရှိသည်ဖြစ်၍ နေရပါ၏။

    ထိုကပိလဝတ်ပြည်သို့ ကြွတော်မူသောအခါ သုဒ္ဓေါဒနမင်း၏နန်းတော်တွင်း၌ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူအပ်၏၊ လုံ့လရှိတော်မူသောမြတ်စွာဘုရား သာကီဝင်မင်းတို့နေပြည်တော်၌ (အကျွန်ုပ် ၏) ဂုဏ်ကျေးဇူးကို ညွှန်ပြတော်မူပါ၏။

    အကြင်မိန်းမသည် ကျေးဇူးလည်းပြုတတ်ပေ၏၊ အကြင်မိန်းမသည် ချမ်းသာဆင်းရဲ၌ တူမျှ၏၊ အကြင် မိန်းမသည် အကျိုးစီးပွါးကိုလည်း ပြောကြားလေ့ရှိပေ၏၊ အကြင်မိန်းမသည် အစဉ်လည်းစောင့်ရှောက်တတ် ပေ၏၊ ထိုမိန်းမ၏ဂုဏ်ကို ညွှန်ပြတော်မူ၏။

    ကုဋေငါးရာသော မြတ်စွာဘုရားတို့သည်လည်းကောင်း၊ ကုဋေကိုးရာကုန်သောမြတ်စွာဘုရားတို့သည် လည်းကောင်း ပွင့်တော်မူခဲ့ကုန်၏။ ထိုနတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားတို့အား ကြီးစွာသော အလှူကို ဖြစ်စေခဲ့ပါ၏။

    ဆုတောင်းခြင်းသည် အကျွန်ုပ်အားများလှပါ၏၊ တရားမင်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား အ ကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့။ ကုဋေတစ်ထောင့်တစ်ရာသောမြတ်စွာဘုရားတို့လည်းကောင်း၊ တစ်ဆယ့်နှစ်ကုဋေကုန်သော မြတ်စွာဘုရားတို့လည်းကောင်း-

    နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။ ဆု တောင်းခြင်းသည် အကျွန်ုပ်အားများလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့။

    ကုဋေနှစ်ထောင်သော မြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေသုံးထောင်သော မြတ်စွာဘုရားတို့ လည်းကောင်း နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။

    အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့။ ကုဋေလေးထောင်သော မြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေငါးထောင် သော မြတ်စွာဘုရားတို့လည်းကောင်း-

နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။ အ ကျွန်ုပ်၏ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-

  ကုဋေခြောက်ထောင်သော မြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေခုနစ်ထောင်သောမြတ်စွာဘုရားတို့ လည်းကောင်း နတ်ထက်နတ်ဖြစ်တော်မူသောထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။

    အကျွန်ုပ်၏ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား  အကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့။ ကုဋေရှစ်ထောင်သောမြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေကိုးထောင် သော မြတ်စွာဘုရားတို့လည်းကောင်း-

  နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။ အ ကျွန်ုပ်၏ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-

    ကုဋေတစ်သိန်းကုန်သော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကုန်၏၊ နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏။

    အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့။ ကုဋေကိုးထောင်ကုန်သောမြတ်စွာဘုရားတို့လည်းကောင်း၊ တစ်ပါးကုန် သော မြတ်စွာဘုရားတို့လည်းကောင်း ပွင့်တော်မူကုန်၏။

    နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါ၏၊ အ ကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-

    မြတ်စွာဘုရားတို့၏ ကုဋေတစ်သိန်းရှစ်ဆယ်ငါးဆူတို့လည်းကောင်း၊ ရှစ်ထောင်ငါးရာသုံးဆယ့်ခုနစ် ကုဋေတို့လည်းကောင်း-

    နတ်ထက်နတ်ဖြစ်တော်မူကုန်သော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသောအလှူကို ဖြစ်စေခဲ့ပါပြီ။ အ ကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-

  ရာဂကင်းပြီးကုန်သော ခြောက်ဆယ့်လေးကုဋေသော ပစ္စေကဗုဒ္ဓါတို့သည် ပွင့်တော်မူခဲ့ကုန်၏၊ ထို ပစ္စေကဗုဒ္ဓါတို့၏အထံ၌ အကျွန်ုပ်၏ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသောမြတ်စွာ ဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-

    ကိလေသာအညစ်အကြေးကင်းပြီးကုန်သော မြတ်စွာဘုရား၏ တပည့်'သာဝက' ရဟန္တာတို့သည် မရေတွက်နိုင်ပါကုန်၊ ထိုရဟန္တာတို့၏အထံ၌ အကျွန်ုပ်၏ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်း ဖြစ် တော်မူသောမြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-

    ဤသို့ တရား၌ကောင်းစွာကျင့်ပြီးသော မြတ်စွာဘုရားတို့၏လည်းကောင်း၊ တရားကိုအခါခပ်သိမ်း ကျင့်လေ့ရှိကုန်သော ပုဂ္ဂိုလ်တို့၏လည်းကောင်း အထံတော်၌ တရားကိုကျင့်လေ့ရှိသူသည် ဤလောက၌ လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာအိပ်ရ, နေရပါ၏။

    ကောင်းသောအကျင့် 'သုစရိုက်'တရားကို ကျင့်ရာ၏၊ မကောင်းသောအကျင့် 'ဒုစရိုက်'တရားကို မကျင့်ရာ။ တရားကိုကျင့်လေ့ရှိသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ အိပ်ရ, နေရပါ၏။

    အကျွန်ုပ်သည် သံသရာ၌ငြီးငွေ့၍ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပါ၏၊ အခြံအရံတစ်ထောင်ဖြင့် ကြောင့်ကြမဲ့ ရဟန်းပြုပြီးလျှင် -

    အိမ်ရာထောင်သော လူ့အဖြစ်ကို စွန့်ပယ်၍ အိမ်ရာမထောင်သော ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပါ၏၊ လခွဲမရောက်မီပင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍သိသော အရဟတ္တမဂ်ဉာဏ်သို့ရောက်ခဲ့ပါ၏။

    များစွာကုန်သောလူတို့သည် သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးပစ္စည်းကိုလည်း ကောင်း၊ အိပ်ရာနေရာကျောင်းကိုလည်းကောင်း 'သမုဒ္ဒရာ၌လှိုင်းတံပိုးတို့ကဲ့သို့' ပို့ဆောင်ပါကုန်၏။

    ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ ။ပ။ အာသဝမရှိဘဲ နေရ၏။

    ငါ၏လာခြင်းကား ကောင်းသောလာခြင်းစင်စစ် ဖြစ်ပေ၏ ။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့် အပ်ပါပြီ။

    လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း ။ပ။ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

    ဤသို့ များပြားသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ များပြားသော စည်းစိမ်ကိုလည်းကောင်း ခံစားပြီး လျှင် အထူးစင်ကြယ်သော ရဟန္တာအဖြစ်သို့ရောက်လျက် အလုံးစုံသောပြည့်စုံခြင်းတို့ကို ရရှိပါ၏။

    အကြင်မိန်းမသည် မြတ်စွာဘုရား၏ ကောင်းမှုကုသိုလ်အကျိုးငှါ မိမိကိုယ်ကို ပေးလှူ၏၊ ထိုမိန်းမအား အဖော်(ခင်ပွန်း)၏ ပြည့်စုံခြင်းတို့သည် ဖြစ်ပါကုန်၏၊ အကြောင်းလေးပါးတို့ ပေါင်းစပ်ပြုစီရင်ခြင်းမရှိသော ရောက်ထိုက်သော နိဗ္ဗာန်သို့ ရောက်ပါ၏။

 အကျွန်ုပ်အား အတိတ်ကံသည်လည်းကောင်း၊ ပစ္စုပ္ပန်ကံသည်လည်းကောင်း၊ အနာဂတ်ကံသည် လည်းကောင်း ကုန်ပါပြီ။ အလုံးစုံသောကံသည် အကျွန်ုပ်အား ကုန်ပါပြီ၊ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏။

    ဤသို့လျှင် ယသောဓရာရဟန်းမသည် မြတ်စွာဘုရား၏မျက်မှောက်၌ ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။



ရှစ်ခုမြောက် ယသောဓရာထေရီအပဒါန် ပြီး၏။

 


14 October 2021

အရိယာဝါဒဆိုတာ...

                                                        အရိယာဝါဒ

  

                                     အရိယာဝါဒဆိုတာ ရှင်းရှင်းလေးပါ။

                            အားလုံးကို စွန့်လွှတ်လိုက်တာ။

                            အရိယာတို့ရဲ့အလုပ်သည် စွန့်လွှတ်ခြင်းတခုပါပဲ

    ရှင်မောဂ္ဂလာန်ကြီးကို ခိုးသာငါးရာရိုက်တာ “မင်းတို့ကွာ… ခိုးသားက ငါးရာတောင်၊ ငါ့ကို နှစ်ယောက်လောက်ရိုက်လည်း သေပါတယ်ကွာ, ကျန်တာတွေဖဲပေးပါ၊ မင်း ဝါးရင်းတုတ်ကလည်း ကြီးပါတယ် ကွာ,သေးသေးနဲ့ရိုက်လည်းရပါတယ်၊ ဒီနေရာမကောင်းပါဘူး,ဟိုနေရာကျမှရိုက်ပါ”လို့ ဘယ်အကြောင်းပြချက် မှ(တင်ပြတာ)မရှိဘူး။

    အရိယာတို့သည် အကြောင်းပြချက်မရှိပါဘူး ဘုရား…။

    အကြောင်းပြချက်တွေ တင်နေတာက, အရိယာမဟုတ်သေးတဲ့ပုဂ္ဂိုလ်သာ အကြောင်းတွေအမျိုးမျိုးပြတာ…။

    အရိယာဝါဒဆိုတာ လာချင်တဲ့ လောကဓံလာ၊ အဲဒီလောကဓံကို ဧည့်မခံဘူး၊ မကျေနပ်လို့ ဘက်မပြန်ဘူး။

    ဧည့်ခံလိုမှုကိုလည်း စွန့်လွှတ်ရတယ်၊

    ဘက်ပြန်လိုမှုကိုလည်း စွန့်လွှတ်ရတယ်၊

    "အရိယာဝါဒဆိုတာ စွန့်လွှတ်တဲ့ဝါဒ။"

    မကျေမနပ်နဲ့ စွန့်လွှတ်တာ မဟုတ်ပဲ ကြည်ကြည်ဖြူဖြူ စွန့်လွှတ်တာ၊

    ကြွေးကျန်ထားပြီး စွန့်လွှတ်တာ မဟုတ်ပဲ အကြွင်းအကျန်မထားပဲ အစွမ်းကုန် စွန့်လွှတ်တာ။

    "အဲဒါ အရိယာဝါဒပဲ။" (ကပ်ငြိတာအကုန်လုံးကို စွန့်လွှတ်တာ နိဗ္ဗာန်ပေါ့။)

အောင်လံဆရာတော်ကြီး၏ဩဝါဒ